ရန်ကုန်မှာ ဆန္ဒပြခဲ့တဲ့ သပိတ်ကော်မတီဝင် ၂ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီနဲ့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းလုပ်ခဲ့ကြတာပါ။
ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက်က မိုတယ်တလုံးမှာ ညပိုင်း ဝင်နားနေတုန်း ည ၇ နာရီမှာ ရွှေပြည်သာသပိတ်ကော်မတီက ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို ဧည့်စာရင်းအကြောင်းပြပြီး စစ်တပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီနေ့က ရန်ကုန်မြို့တနေရာမှာ ‘လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ’ ဘန်နာစာသား ကိုင်ဆွဲဆန္ဒပြခဲ့သလို စစ်ကောင်စီ သက်ဆိုးရှည်ဖို့ ရည်ရွယ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်တွေနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အလံကို မီးရှို့တာ၊ စတစ်ကာတွေ ကပ်တာ စတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာပါ။
ဖမ်းဆီးခံထားရတဲ့ ရွှေပြည်သာသပိတ်ကော်မတီဝင် ရဲဘော် ၂ ယောက်ကို ရွှေပြည်သာ စစ်ကြောရေးမှာ စစ်ဆေးနေပြီး တရားစွဲထောင်ချနိုင်ရေး စစ်ခုံရုံးတင်ဖို့ စစ်အုပ်စုက စီစဉ်နေတယ်လို့လည်း သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
အဲဒီရဲဘော်တွေဟာ ဘယ်ပြစ်မှုကိုမှ မကျူးလွန်ခဲ့ဘဲ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ရဲဝံ့ပြောင်မြောက်စွာ လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြသူတွေပဲ ဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ မတရားမှုတွေကို ဆန့်ကျင်ဖီဆန်ဖို့ နှိုးဆော်တိုက်တွန်းထားပါတယ်။