Home
မြန်မာသတင်း
e-Visa စနစ်ပြောင်းဟု ရန်ကုန်ရှိ ထိုင်းသံရုံး ထုတ်ပြန်
DVB
·
December 16, 2024

ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာလျှောက်ထားရာမှာ ဗီဇာအမျိုးအစားအားလုံးအတွက် e-Visa စနစ်နဲ့သာ လျှောက်ထားနိုင်တော့မှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ပါတယ်။

ဒါဟာ လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် မြန်မာစံတော်ချိန် ၉ နာရီခွဲက စတင်ပြီးတော့ အကျုံးဝင်မှာဖြစ်ကာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့ e-Visa စနစ်အသစ်နဲ့ ဖော်ပြပါအင်တာနက်ဝက်ဘ်ဆိုက်စာမျက်နှာ https://www.thaievisa.go.th မှာ လျှောက်ထားရမယ်လို့ ဆိုပါတယ်။

အရင်လို ပတ်စ်ပို့နဲ့ ဗီဇာလျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ထိုင်းသံရုံးကို လူ ကိုယ်တိုင် လာရောက်တင်ပြဖို့ မလိုအပ်တော့ဘဲ နောက်ပိုင်းမှသာ ဗီဇာကြေး (USD ငွေ သား)ကို ထိုင်းသံရုံးဗီဇာကောင်တာမှာ ချိန်းဆိုထားတဲ့ ရက်မှာ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအတွင်း လာရောက်ပေးသွင်းနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

သံရုံးက ဗီဇာကြေးပေးချေဖို့ အွန်လိုင်းဘိုကင်စနစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက် အလက်တွေကိုတော့ ထပ်မံပြီးတော့ ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

ဗီဇာလျှောက်ထားဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်ပြပြီး ဗီဇာကြေးလည်း လာရောက်ပေးသွင်းပြီးပါက e-Visa စနစ်မှာ ဗီဇာလျှောက်လွှာတွေကို အကဲဖြတ်ဖို့ ကြာချိန်ဟာ ၁၀ ရက်ကနေ ၁၅ ရက်အထိ ကြာမယ်လို့လည်း အသိပေးထားသလို စာရွက်စာတမ်းမပြည့်စုံတာ၊ စာရွက်စာတမ်းအတုတွေ တင်သွင်းပါက အဆိုပါဗီဇာကို ပယ်ချမယ်လို့ ဆိုပါတယ်။

ဗီဇာလျှောက်လွှာ အတည်ပြုပြီးရင်တော့ လျှောက်ထားသူအနေနဲ့ အတည်ပြု အီးမေးလ် ရရှိမှာဖြစ်ပြီး အဆိုပါအီးမေးလ်ကို လေဆိပ်နဲ့ ထိုင်းလဝကကို ပြသဖို့ ပရင့်ထုတ်ထားရမယ်လို့ ဆိုပါတယ်။လတ်တလောမှာတော့ အရင်လို ဗီဇာလျှောက်ထားမှုတွေကို ထိုင်းသံရုံးအနေနဲ့ ဖော်ပြပါလင့်ခ် https://www.thaiconsularyangon.com/visa ကနေ ရက်ချိန်းယူထားသူတွေကို လာမယ့် ဒီဇင်ဘာ ၂၄ ရက်အထိသာ လက်ခံသွားမှာဖြစ်ပြီးတော့ e-Visa စနစ် အပြောင်းအလဲ ပြုလုပ်ဖို့အတွက် အခုနှစ်ကုန်အထိ ဗီဇာလျှောက်လွှာတွေကို လက်ခံတော့မှာ မဟုတ်ကြောင်းလည်း အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013