Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုဆိုးရွားလာ
DVB
·
December 12, 2024

ရန်ကုန်မြို့က မြို့နယ်တွေမှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုဆိုးရွားလာနေပြီး နေ့တိုင်း ၂၄ နာရီမှာ တနေ့ ၆ နာရီလောက်သာ ရရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေက မြို့နယ် ၃ ခုမှာ အရှေ့ဒဂုံ- လှော်ကား မဟာဓာတ်အားလိုင်း ၂၃၀ KV သွယ်တန်းဖို့ ပြုလုပ်ပြီးနောက် အခြားမြို့နယ်တွေမှာ မီးပြတ်နေခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ဒဂုံမြို့ခံတယောက်က “ မနက် ၆နာရီမီးလာတယ်။ ထမင်းအိုးတည်ဖို့ ဆန်ဆေးပြီးတုန်းလေး ရှိသေး။ ပြတ်သွားပြန်ရော။ အခုဟာ နာရီဝက်လာပြီး ၃၊ ၄ နာရီလောက် ပြန်ပြတ်နေတာ။ လူအိပ်တဲ့အချိန်ဆို လာပြီ။ လာလည်း မီးအားက အမြဲကျနေတာ” လို့ ဆိုပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားတဲ့ မီးပေးမှုစာရင်းအရ အုပ်စု (A၊ B၊ C၊ D)လို့ ခွဲခြားထားပြီး အုပ်စုတစုမှာ မီးပေးမှု ၄ နာရီကြာမှာ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ မနက် ၅ နာရီ မှ မနက် ၉ နာရီ ပေးရမယ့် အုပ်စုမှာ မီးအဝင်ပေးချိန် နာရီဝက်နဲ့ မီးပြတ်ခါနီးချိန် နာရီဝက်လောက်မှာသာ လျှပ်စစ်မီးရရှိနေတာလည်း ဖြစ်ပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မော်တာနဲ့ အဝီစိတွင်း‌ရေ၊ ဂျိုးဖြူရေ အသုံးပြုနေရတဲ့သူတွေမှာ အိမ်သုံးရေပြတ်တောက်မှုတွေပါ ကြုံတွေ့နေရသလို ဂက်စ်နဲ့ မီးသွေးသုံး ချက်ပြုတ်ရတဲ့အတွက် အိမ်အသုံးစရိတ် ပိုကုန်ကျလာတယ်လို့ သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်နေထိုင်သူတယောက်က “ဒီလ ပိုဆိုးတာပေါ့။ ဘာမှကို လုပ်မရဘူး။ ဆိုင်အတွက်ဆို မီးစက်ရှိတယ်။ ဆီဈေးနဲ့ဆို ဘာမှ မကျန်ဘူး။ မီးကသာ အမြဲပြတ်နေတာ မီးတာခက မလျော့ဘူး” လို့ ပြောပါတယ်။

မီးပြတ်တောက်မှု ပိုများနေတဲ့ မြို့နယ်တွေထဲမှာ ဒဂုံမြို့သစ် ၄ မြို့နယ်၊ တာမွေ၊ သာကေတ၊ ဒေါပုံ၊ အလုံ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မင်္ဂလာဒုံ ပါဝင်နေတာ တွေ့ရပါတယ်။

စစ်ကောင်စီလျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတော့ အိမ်သုံးလျှပ်စစ်မီတာခကို တယူနစ် ၃၅ ကျပ်ကနေ ၅၀ ကျပ်အထိ တိုးမြှင့်မယ်လို့ ၂၀၂၄ ခု ဩဂုတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024