ရန်ကုန် ဆင်ခြေဖုံးမြို့နယ်တွေမှာ ဘေးတွဲဆိုင်ကယ်မောင်းနှင်နေတဲ့ အမျိုးသားတွေကို စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးအဆင့်ရှိသူတွေက မြို့ပြနဲ့ ရပ်ကျေးလုံခြုံရေးအတွက် အကြောင်းပြပြီး ၂၀၂၄ ဒီဇင်ဘာလဆန်းပိုင်းကစလို့ အတင်းအကျပ်ကင်းစောင့်ခိုင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေကို သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနတွေကသာ လုပ်ဆောင်ခွင့်ရှိတာဖြစ်ပေမဲ့ စစ်တပ်အရာရှိပိုင်းတွေကနေ လုပ်ပိုင်ခွင့်ကျော်လွန်ပြီး အရပ်ဘက်အုပ်ချုပ်ရေးမှာ တိုက်ရိုက်ခိုင်းစေနေတာလည်း ဖြစ်ပါတယ်။
ဘေးတွဲမောင်းနှင်သူတယောက်က " စောင့်မယ့်သူတွေရော၊ မစောင့်နိုင်တဲ့သူတွေရော စာရင်းပေးရတယ်။ ဗျူဟာမှူးလာတော့ ဥက္ကဋ္ဌက အကုန်လုံးခေါ်တွေ့ပြီး မေးတယ်။ ဘာလိုအပ်လဲ ဘာလို့မစောင့်နိုင်တာလဲ။ စစ်သားတွေအရှေ့မေးတော့ မစောင့်နိုင်တဲ့သူတွေလည်း ကြောက်ပြီး စောင့်မယ်လို့ ပြောလိုက်သူတွေလည်း ရှိတယ်။ လောလောဆယ် တယောက်ကို ဆီ ၁ ဘူးပေးပါတယ်။ ၃ ရက်စာ ကင်းလှည့်ရင်သုံးဖို့"လို့ ဆိုပါတယ်။
ဘေးတွဲမောင်းသူတွေကို စစ်ကောင်စီဘက်က ကင်းလှည့်ရာမှာ သုံးနေပေမဲ့ လမ်းမကြီးတွေပေါ် တက်မောင်းခွင့် ပိတ်ပင်ထားသလို လက်အောက်ခံရဲနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးငွေညှစ်ခံရတာတွေလည်း ရှိနေပါတယ်။
ရပ်ကွက်ရုံးနဲ့နီးစပ်သူတဦးက " အခုဟာက ကင်းမစောင့်ရင် ကတ်ပြားမရဘူး။ ကတ်မပါရင် ကိုယ်ဖြစ်ကိုယ်ခံရမှာ။ ကင်းပတ်တာက ကိုယ့်ရပ်ကွက်ထဲပဲ ပတ်ရတာပါ။ တနေ့ ၄ ဆိုင်းရှိမယ်။ ဆီ(ဓာတ်ဆီ)တော့ ရမယ်။ ဆီကတော့ ရပ်ကွက်ထဲက ရောင်းတဲ့သူတွေဆီက ပြန်အလှူခံရတာ။ တရပ်ကွက်နဲ့ တရပ်ကွက်တော့ မတူဘူး။ ဒီမြောက်ဒဂုံဘက်တော့ တဆိုင်းမှာ ၇ ယောက်ပါတယ်။ ဘေးတွဲသီးသန့်ပဲ ရဲတွေ မပါဘူး"လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာလည်း မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံမြို့နယ်တွေက ဘေးတွဲမောင်းနှင်သူတွေဟာ မောင်းနှင်ခွင့်ယာယီကတ်ပြားတွေ လုပ်ဆောင်ဖို့ လူနဲ့ဆိုင်ကယ် ဓာတ်ပုံတွဲအရိုက်ခံခဲ့ရသလို တဦးကျပ်ငွေ ၃၀၀၀၀ အထိ ရပ်ကွက်ရုံးတွေကို ပေးခဲ့ရတယ်လို့ သိရပါတယ်။