ရန်ကုန်မြို့မှာ နေစရိတ်၊ စားစရိတ် ကြီးမြင့်လာတာကြောင့် အဆောင်နဲ့ စားသောက်ရေး စီစဥ်ပေးတဲ့အလုပ်တွေကို ရွေးချယ်မှုများလာတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
အဆောင်လခနဲ့ စားသောက်ကုန်စျေးတွေ မြင့်တက်နေတာကြောင့် ရတဲ့လုပ်အားခနဲ့ မကာမိလို့ အဆင်ပြေရာအလုပ်တွေကို ရွေးချယ်လာကြတာလို့ အလုပ်သမားတွေက ဆိုပါတယ်။
အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးလုပ်သားတယောက်က “စက်ရုံမှာ လုပ်ရတာ ဘယ်လိုမှ အဆင်မပြေတော့လို့ အိမ်ချုပ်ရုံပြောင်းလိုက်တာ။ ဒီမှာက နေဖို့စားဖို့မပူရဘူး။ ရတဲ့လစာက အသားတင်ဖြစ်လို့လေ” လို့ ပြောပါတယ်။
လက်ရှိအထည်ချုပ်အိမ်ရုံအများစုက အဝေးကနေ လာရောက်လုပ်ကိုင်တဲ့သူတွေအတွက် အဆောင်နဲ့ ချက်စားဖို့ ဆန်ပေးတာမျိုး စီစဥ်ပေးထားလို့ စက်ရုံကြီးတွေကနေ ပြောင်းရွှေ့လာသူ များတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှာ အဲဒီလုပ်ငန်းလုပ်ကိုင်နေသူက ပြောပါတယ်။
“အဆောင်ပေးထားတော့ အရေးကြောင်းဆို အချိန်ပိုခေါ်ရတာလည်း လွယ်တယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်။”
ရန်ကုန်မြို့က အလုပ်သမားအများစုမှာ နယ်ဝေးကနေ လာရောက်လုပ်ကိုင်ကြသူတွေဖြစ်လို့ ငှားရမ်းနေထိုင်ရတဲ့စရိတ်က အခက်အခဲဖြစ်ရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
အဲဒါကြောင့် ပြည်တွင်းရှိလုပ်ငန်းတချို့က နေစရာ အခက်အခဲရှိတဲ့သူတွေကို အဆောင်ပေးပြီး အလုပ်ခေါ်တာမျိုးတွေလည်း ရှိလာပြီး ပိုထွင်ကျယ်လာဖို့ အလုပ်သမားတွေက မျှော်လင့်နေပါတယ်။