Home
မြန်မာသတင်း
ရန်ကုန်တွင် ထောက်ခံစာတခုပြုလုပ်လိုလျှင် ငွေကြေး ၂ ဆ ကုန်ကျနေရ
DVB
·
December 6, 2024

ရန်ကုန်မြို့မှာ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာတခုခု ပြုလုပ်လိုပါက ငွေကြေး ၂ ဆ ကုန်ကျနေရတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

ရန်ကုန်မြို့ခံတွေအနေနဲ့ ရဲစခန်းထောက်ခံစာနဲ့ ရပ်ကွက်ထောက်ခံစာတခုခုပြုလုပ်လိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ ထောက်ခံစာအတွက် အနည်းဆုံးကျပ် ၁၀၀၀၊ ရဲစခန်းထောက်ခံစာအတွက် ကျပ် ၁၀၀၀ ကုန်ကျနေရပြီး ရန်ကုန်တိုင်း ရဲမှူးရဲ့ ညွှန်ကြားချက်ကြောင့်ဆိုပြီး ငွေတောင်းခံနေကြတာကြောင့် ပြည်သူတွေ အခက်တွေ့နေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်မှာ နေသူတယောက်က “အခု ရဲစခန်းထောက်ခံချက် လိုချင်ရင် ရပ်ကွက်ထောက်ခံစာ အရင်သွားလုပ်ရတယ်။ အဲ့ဒီရပ်ကွက်ထောက်ခံစာအတွက်က ၁၀၀၀ ပေးရတယ်။ ရဲစခန်းရောက်ရင်လည်း စာရွက်ဖိုးဆိုပြီး ၁၀၀၀ ကနေ ၂၀၀၀ လောက်ပေးရတယ်။ အုပ်ချုပ်ရေးမှူး လက်မှတ်ပဲပါပြီး ရာအိမ်မှူးလက်မှတ် မပါလို့ဆိုတာနဲ့ ထပ်ပြီးတောင်းသေးတာ။ အရင်က ရဲစခန်း ထောက်ခံစာလိုရင် စခန်းရှေ့ကဂိတ်မှာ တရွက်ကို ၅၀၀ ပေးပြီးဝယ်လို့ရတယ်။ အခုမရတော့ဘူး။ ရပ်ကွက်ထောက်ခံစာပါမှ ရတော့တယ်” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ခရီးသွားတာ၊ လဝကရုံးမှာ သန်းခေါင်စာရင်း၊မှတ်ပုံတင်ပြုလုပ်တာ၊ လဲလှယ်တာတွေ ပြုလုပ်မယ်ဆိုရင် ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာတွေ ပြုလုပ်နေရတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ရဲစခန်းတွေရဲ့ တနေ့ဝင်ငွေဟာ သိန်းနဲ့ချီပြီး ရှိတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

အခုအခါ ရဲစခန်းထောက်ခံစာ ပြုလုပ်မယ်ဆိုရင် ပြုလုပ်လိုတဲ့ အကြောင်းအရင်း၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတွေကအစ စာရင်းသွင်းပြီးမှ ထောက်ခံစာထုတ်ပေးတော့တယ်လို့လည်း သိရပါတယ်။

မြောက်ဥက္ကလာမြို့နယ်၊ ဥက္ကာလမ်းမှာ နေသူတယောက်က “အခုထောက်ခံစာလုပ်ရင် တခြားနယ်ကလူတွေတော့ မသိဘူး။ ရန်ကုန်ကလူတွေတော့ အတော်ဒုက္ခရောက်တယ်။ ဘယ်မှာနေတာလဲ၊ အုပ်ချုပ်ရေးမှူးက တာဝန်ခံနိုင်လား၊ ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ဘယ်လောက်ကြာမှာလဲ ဆိုတာကအစ အကုန်စာရင်းပေးရတာ။ မှတ်ပုံတင်မှန်ကန်ကြောင်း လဝက ဦးစီးမှူး ထောက်ခံချက် တောင်းပေးပါဆိုတာမျိုးတွေအထိ လုပ်နေကြတာ။ အရမ်းရစ်တယ်ဆိုရင်တော့ ၅၀၀၀ လောက် ထုတ်ပေးလိုက်ရင် ချက်ခြင်းရတယ်” လို့ ပြောပါတယ်။

ရဲစခန်းထောက်ခံစာနဲ့ ရပ်ကွက်ထောက်ခံစာတွေ မပါဘူးဆိုရင်တော့ ခရီးသွားမယ့် ပြည်သူတွေဟာ ခရီးသွားခွင့် ကန့်သတ်ခံရတာ၊ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေညှစ်တာတွေကို ခံနေကြရပါတယ်။

စစ်ကောင်စီဟာ အခုနောက်ပိုင်း သူတို့ရဲ့ စစ်ဆေးဂိတ်တွေမှာ ခရီးသွားပြည်သူတွေကို မှတ်ပုံတင်အပြင် ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာ ပါ/မပါကို ပိုမိုစစ်ဆေးလာတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013