Home
မြန်မာသတင်း
ရန်ကုန်တွင် ကင်းမစောင့်သည့် ဘေးတွဲမောင်းသူများကို အင်္ကျီပြန်သိမ်း
DVB
·
November 26, 2024

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ စစ်ကောင်စီက ကင်းစောင့်ခိုင်းတာကို မလုပ်နိုင်တဲ့ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို ကုတ်နံပါတ်ပါတဲ့ ဘေးတွဲအင်္ကျီ ပြန်သိမ်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကစပြီး မြို့နယ်အများစုမှာ ဘေးတွဲဆိုင်ကယ်နဲ့ မောင်းသူစာရင်းကို ရပ်ကွက်အလိုက် ကောက်ယူနေခဲ့တာပါ။

မြောက်ဒဂုံမြို့နယ်က ဘေးတွဲမောင်းသူတယောက်က “တရပ်ကွက် အစီး ၃၀ ရှိရင် တပတ်ကို ၁၀ စီးနှုန်းနဲ့ ကင်းလှည့်ရမှာ။ ရဲတွေ ဧည့်စာရင်းစစ်တာတို့ ဟိုရှာ ဒီရှာတို့ဆိုရင် လိုက်ရမှာ။ ညလုံးပေါက်တော့ မဟုတ်ဘူး။ ကင်းစောင့်တာမပါရင် ဆိုင်ကယ်မောင်းလို့ရအောင် ထုတ်ပေးထားတဲ့ အင်္ကျီရှိတယ်။ ပြန်သိမ်းမယ်ပြောတယ်။ အင်္ကျီမပါလို့ ဖမ်းမိရင် ဆိုင်ကယ်ပြန်မရဘူး” လို့ ပြောပါတယ်။

ဘေးတွဲဆိုင်ကယ်အင်္ကျီတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းသုံး အမျိုးအစား အပေါ်ဝတ် အထည်တွေ ဖြစ်ပေမဲ့ ရောင်ပြန်မပါတာကြောင့် ညပိုင်းမောင်းလို့ အဆင်မပြေတဲ့အပြင် တံဆိပ်ရိုက်ခ၊ အင်္ကျီခ တထည် ၂၀,၀၀၀ နှုန်းကို ရပ်ကွက်ရုံးအဖွဲ့တွေကို ပေးချေနေရပါတယ်။

ဒါ့အပြင် အောက်တိုဘာလက စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူမှုမှာ ကော်မတီဝင်တွေကို ဘေးတွဲမောင်းသူတွေက နေ့စားခမရဘဲ ပို့ဆောင်ပေးရတဲ့အပြင် လိုက်ပါပေးရတာတွေ ရှိခဲ့ပါတယ်။

ဘေးတွဲအငှားချပေးသူတယောက်က “အခုဟာ အင်္ကျီပါပါ မပါပါ ဖမ်း၊ ဦးထုပ်မပါလည်း ဖမ်း၊ အကုန်လုံးပါရင် ဘက်မှန်မပါလို့၊ ထီးတပ်ထားလို့ ဖမ်း၊ အကုန်စုံနေရင်လည်း လမ်းကြောင်းရှိလို့ ဖမ်းနေတာ။ လိုက်ထုတ်ပေးနေရတာ ၄၊ ၅ ကြိမ်ရှိနေပြီ။ သူတို့လည်း ဈေးတက်တယ်။ ပြန်ထုတ်ရင် အရင်က ၂၀,၀၀၀၊ အခု မရဘူး ၅၀,၀၀၀” လို့ ပြောပါတယ်။

၂၀၂၂-၂၀၂၃ ကစပြီး ဘေးတွဲမောင်းသူတွေဟာ တထည် ကျပ် ၂၀,၀၀၀ နဲ့ ကုတ်နံပါတ်ပါတဲ့ ဘေးတွဲဆိုင်ကယ်အင်္ကျီတွေကို ဝယ်ဝတ်ခဲ့ရသလို ဆိုင်ကယ်‌မောင်းသူ ဟုတ်မှန်ကြောင်း သက်သေခံကတ်တွေလည်း ရပ်ကွက်ရုံးတွေမှာ ပြုလုပ်ထားရပါတယ်။

ဒီလို အထောက်အထား‌တွေ ရှိနေပေမဲ့ စစ်ကောင်စီအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်‌တွေဟာ ရန်ကုန်မှာ ၂၀၂၄ မေလလောက်ကစလို့ အမိုးတပ်၊ ထီးတပ် ဆိုင်ကယ်ဘေးတွဲတွေကို ဖမ်းဆီးဒဏ်ရိုက်နေတာတွေ ရှိခဲ့သလို နောက်ကြည့်မှန်မပါတာ၊ မောင်းသူဆိုင်ကယ်ဦးထုပ် မဆောင်းတာတွေ‌ကိုလည်း ဖမ်းဆီးပြီး ငွေဒဏ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ငွေညှစ်နေပါတယ်။

Photo:  Ethan Htun

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013