Home
ရုပ်သံ
စစ်ရေးပဋိပက္ခ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိဟု TNLA ထုတ်ပြန်
DVB
·
November 25, 2024
Photo: TNLA

နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲတွေရပ်တန့်ရေး တရုတ်ရဲ့ ကြားဝင်ကြိုးပမ်းမှုတွေကို လေးစား အသိအမှတ်ပြုတာကြောင့် နှစ်ဖက် စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း  ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းစစ်ဆင်ရေးကြောင့် ထိခိုက်ရတဲ့ ဒေသခံတွေကို ငဲ့ညှာထောက်ထားကြောင်း၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် ကိုင်စွဲပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးဖို့ PSLF/TNLA က အမြဲအဆင်သင့်ရှိနေတယ်ဆိုပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

TNLA အနေနဲ့ တအာင်းလူမျိုးတွေ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့နဲ့ တအာင်းပြည်နယ်ရရေး လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသား မြန်မာပြည်သူလူထုနဲ့ အတူတကွ တည်ဆောက်ဖို့ အမြဲကြိုးစားနေကြောင်း ဆိုထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တအောင်းဒေသအတွင်း တိုက်ပွဲတွေဖြစ်လာတာ နှစ်ပတ်လည်လာခဲ့ပြီး စစ်ကောင်စီစခန်းတွေကို ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့ပေမဲ့ ပြည်သူလူထုကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးဒဏ်ကို ဆိုးရွားပြင်းထန်စွာ ခံစားနေရကြောင်းလည်း အသိပေးထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပိုမိုသိရှိရဖို့ TNLA ပြောခွင့်ရသူဆီ DVB က စာပေးပို့ မေးမြန်းထားပေမဲ့ သတင်းရေးသားချိန်အထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

TNLA တပ်ဖွဲ့ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာဖြစ်ပြီး TNLA ရဲ့ အခုလို  တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံရေးပြဿနာကို  နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်  ဖြေရှင်းနေမယ်ဆိုရင် လွတ်လပ်ပေမဲ့ မငြိမ်းချမ်းတဲ့ အခြေအနေကိုသာ ပေါ်ပေါက်စေမှာဖြစ်တယ်၊ တွေ့ဆုံဆွေးနွေးမှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီး ဆက်လက်ဆောင်ရွက်သွားမယ်၊ အခုအချိန်ဟာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အချင်းချင်း ယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်တဲ့ အယူဝါဒတွေ ပယ်ဖျောက်ကာ တဦးနဲ့တဦး အပြန်အလှန် ယုံကြည်လေးစားချစ်ခင်မှုတွေ ပါဝင်လက်တွဲပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရမယ့် အချိန်အခါ ဖြစ်တယ်လို့ ဒီနေ့ကျရောက်တဲ့ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ပြောထားပါတယ်။

စစ်ခေါင်းဆောင်က တဖက်မှာ ငြိမ်းချမ်းရေးစကားပြောနေပေမဲ့ တဖက်မှာတော့ စစ်ကောင်စီ တပ်တွေနဲ့ တိုက်လေယာဉ်တွေက TNLA  သိမ်းပိုက်ထားတဲ့ တိုင်းရင်းသားဒေသတွေအပါအဝင်  နိုင်ငံအနှံ့အပြားမှာ နေ့စဉ်လိုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013