Home
မြန်မာသတင်း
လူသတ်၊ လုယက်၊ ရွာမီးရှို့သည့် ပြည်သူ့စစ်အဖွဲ့ကို စစ်ခေါင်းဆောင်က ရဲဗလဘွဲ့ပေး
DVB
·
November 25, 2024

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ခင်ဦးမြို့နယ်မှာ လူသတ်၊ လုယက်မှုတွေ ကျူးလွန်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၁၅ ယောက်ကို စစ်ခေါင်းဆောင်က ရဲဗလဘွဲ့ ပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့မှာ ရဲသီဟဘွဲ့နဲ့ ရဲသူရဘွဲ့ပြီးရင် အမြင့်ဆုံးဖြစ်တဲ့ ရဲဗလဘွဲ့ကို ဒုရဲမှူးကြီးတွေနဲ့အတူ ခင်ဦးမြို့နယ် မဒေါင်းလှ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၁၄ ယောက်၊ တန့်ဆည်မြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင်တယောက်ကို ပေးခဲ့တာဖြစ်ပါတယ်။

ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာမှာ စက်တင်ဘာလလယ်ပိုင်းက တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် မဒေါင်းလှ ပြည်သူ့စစ်အဖွဲ့ကို ရဲဗလဘွဲ့တံဆိပ် ပေးခဲ့တာဖြစ်မယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“အဲဒီတုန်းက မဒေါင်းလှ ပြည်သူ့စစ်တွေဘက်က ကန့်ဘလူဗျူဟာအဖွဲ့ရော လေကြောင်းကပါ ပစ်ကူတွေပေးတာ၊ တော်လှန်ရေးတပ်တွေကို မနိုင်တော့ ရွာကအိမ်တွေ မီးရှို့ပြီး ဝါသဝပြည်သူ့စစ်အဖွဲ့နဲ့ သွားပေါင်းလိုက်တာ၊ အဲ့တုန်းက ရွာမီးရှို့တဲ့ခေါင်းဆောင်နဲ့ သူတပည့်တွေကို ရဲဗလဘွဲ့ပေးတာ။”

ဒီလို စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ မဒေါင်းလှ ပြည်သူ့စစ်ခေါင်းဆောင် ဇော်မင်းထွန်းနဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ကျော်မိုးနိုင်၊ မြင့်ထွန်း၊ သက်ဖြိုးပိုင်၊ ဝင်းခိုင်၊ အောင်နိုင်ဝင်း၊ ပြည့်ဖြိုးကျော်၊ မြင့်ရွှေ၊ အောင်လင်း၊ မှတ်ကြီး၊ ဇော်ဦး၊ အောင်ကျော်ဇော၊ ပြည့်စုံလင်း၊ ချစ်ကိုကို၊ ယုနောင်နဲ့ တန့်ဆည်မြို့က ပြည်သူ့စစ်အဖွဲ့ဝင် ညွန့်ခိုင် တို့ကို ရဲဗလဘွဲ့ ပေးခဲ့တာပါ။

အမျိုးသားနေ့အောင်ပွဲအဖြစ် စစ်ကောင်စီက ဗိုလ်မှူးကြီး ၂ ယောက်နဲ့ ဗိုလ်မှူး ၂ ယောက်တို့ကို သူရဘွဲ့ပေးခဲ့ပြီး ဗိုလ်မှူးချုပ် ၂ ယောက်၊ ဗိုလ်မှူးကြီး ၄ ယောက်၊ ဒုဗိုလ်မှူးကြီး ၈ ယောက်၊ ဗိုလ်မှူး ၇ ယောက်၊ ဗိုလ်ကြီး ၂ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်၊ ဒုတပ်ကြပ် ၁ ယောက်နဲ့ ရဲမေ ၁ ယောက်တို့ကို သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ပေးခဲ့ပါတယ်။

ရဲသူရဘွဲ့ကို ရဲတပ်ဖွဲ့ဝင် ၅ ယောက်နဲ့ မီးသတ်ဦးစီးဌာနမှ ၂ ယောက်ကို ပေးခဲ့ပြီး ရဲဗလဘွဲ့ကို စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၆၁ ယောက်ကို ပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ရဲဗလဘွဲ့ကို ရဲတပ်ဖွဲ့မှ ၅ ယောက်၊ စစ်ကောင်စီတပ်မှ ၁၁ ယောက်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းက ပြည်သူ့စစ်အဖွဲ့ဝင် ၁၉ ယောက်ကို ပေးခဲ့တာပါ။

အလားတူ ၂၀၂၂ ခုနှစ်က ရဲဗလဘွဲ့ကို ခမရ ၃၃၆ နဲ့ ခမရ ၅၃၀ က ရဲမေ ၆ ‌ေယာက်၊ ကချင်ပြည်နယ်က ပြည်သူ့စစ်အဖွဲ့ဝင် ၂ ယောက်နဲ့ စစ်ကိုင်းတိုင်းက ပြည်သူ့စစ်အဖွဲ့ဝင် ၂၁ ယောက်တို့ကို စစ်ခေါင်းဆောင်က ပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013