Home
မြန်မာသတင်း
မြစ်သားမြို့တွင် စစ်ကောင်စီက လမ်းဘေးဈေးဆိုင်များကို ဖျက်သိမ်းခိုင်း
DVB
·
November 25, 2024
Photo: ဖျက်သိမ်းခံရသည့်ဆိုင်ရှင်တဦး

မန္တလေးတိုင်း၊ မြစ်သားမြို့ပေါ်က မြို့မလမ်းဘေးမှာရှိတဲ့ ဈေးဆိုင်တွေကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းလို့ ဈေးဆိုင်ပိုင်ရှင်တွေ အခက်တွေ့နေရပါတယ်။

အမည်မဖော်လိုတဲ့ မြစ်သားမြို့ခံတယောက်က “မန္တလေးတိုင်းဝန်ကြီးချုပ် လာတုန်းက မြို့မလမ်းကို လမ်းချဲ့ဖို့ လမ်းဘေးဝဲယာက ဆိုင်ခန်းတွေကို ဖျက်သိမ်းခိုင်းဖို့ မှာသွားတာလို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ဟာ နိုဝင်ဘာ ၁၈ ရက်မှာ မြစ်သားမြို့ကို လာရောက်စဥ် အခုလိုမှာကြားသွားတာလို့ သူကဆက်ပြောပါတယ်။

ဖျက်သိမ်းခံရတဲ့ ဈေးဆိုင်တွေထဲမှာ ထမင်းဆိုင်၊ အသီးအရွက်ဆိုင်၊ အကြော်ဆိုင်နဲ့ မုန့်ဆိုင်တွေ အပါအဝင် ဈေးဆိုင်ပေါင်း ၉၀ ကျော်ရှိကာ နိုဝင်ဘာ ၂၄ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းရမယ်လို့လည်း ဆိုပါတယ်။

ဖျက်သိမ်းခံရတဲ့ ဈေးဆိုင်ပိုင်ရှင်တယောက်က “လမ်းချဲ့မှာမလို့ မလွတ်လို့ ဖျက်ခိုင်းတာတဲ့လေ။ အစိုးရအဆက်ဆက် နှစ်ပေါင်း ၃၀ ကျော်လောက် ဒီဘေးလေးမှာ စျေးရောင်းပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့ရတာလေ။ အခုတော့ သူတို့ကြောင့် ကျမတို့ ထမင်းအိုးကွဲပြီ။ သူတို့က တခြားနေရာ အစားပေးတာလည်း မရှိပါဘူး။ လုံးလုံးဖျက်ခိုင်းတာ။ သတ်မှတ်ရက်မှာ မဖျက်ရင် သူတို့စည်ပင်က ဘက်ဟိုးနဲ့ လာကော်မှာလို့ ခြိမ်းခြောက်တယ်။ ကိုယ့်ဟာလေးကို နှမြောလို့ ဖျက်ပေးရတာပေါ့ဗျာ။ တခြားနေရာကို ပြောင်းဖွင့်ဖို့ ဆိုတာကလည်း အဆင်မပြေဖို့ များနေတယ်။ ကုန်စျေးနှုန်းတွေက ကြီးကြီးနဲ့ မလွယ်သေးပါဘူး” လို့ DVB ကို ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ မြို့နယ်စည်ပင်သာယာရေးရုံးတွေကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024