Home
မြန်မာသတင်း
စစ်ကောင်စီ၏ အောင်ဘာလေထီကို ရပ်ကွက်များအထိ လိုက်လံရောင်းချ
DVB
·
November 24, 2024
lottery_24112024

စစ်ကောင်စီရဲ့ အောင်ဘာလေထီလက်မှတ်တွေကို မြို့နယ်အသီးသီးကရပ်ကွက်တွေအထိ လိုက်လံရောင်းချနေရတယ်လို့ မြို့ခံတွေနဲ့ ထီလက်မှတ်ရောင်းနေသူတွေထံက သိရပါတယ်။

ပြည်သူတွေ သပိတ်မှောက်ခဲ့တဲ့ အောင်ဘာလေထီလက်မှတ်တွေကို အရောင်းကိုယ်စားလှယ်တွေက ထီရောင်းအားတိုးလာစေဖို့အတွက် နေ့စားခ၊ ကော်မရှင်နဲ့ ရောင်းချပေးနိုင်မယ့်သူတွေကို ငှားရမ်းကာ ရပ်ကွက်တွေထဲအထိ လိုက်လံရောင်းချခိုင်းနေရတယ်လို့ ထီလက်မှတ်လိုက်ရောင်းချပေးနေသူတွေက ပြောပါတယ်။

“နေ့စားခ၊ လမ်းစရိတ်ပေးတယ်။ ထီလက်မှတ်ရောင်းလို့ရတဲ့အပေါ်မူတည်ပြီး ကော်မရှင်ထပ်ရတယ်။ ဒါပေမဲ့ အရမ်းရောင်းရတာမျိုးတော့မဟုတ်ဘူး။ ပြည်သူတွေက ဝယ်မှမဝယ်ကြတာ။ ရပ်ကွက်တခုကို တစောင်တောင် ဝယ်ချင်မှဝယ်တာ” လို့ ထီလက်မှတ်ရောင်းသူတယောက်က ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က ထီလုပ်ငန်းကနေ အစိုးရဟာ တနှစ်ကို ငွေကျပ် ၁၆၃ ဘီလီယံနီးပါး အခွန်ဝင်ငွေ ရခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ထီရောင်းအားဟာ ထိုးကျသွားခဲ့ပြီး ယခင်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက်သာ ရောင်းချနိုင်တော့တယ်လို့ အောင်ဘာလေသိန်းဆုဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

လက်ရှိရောင်းချနေတဲ့ ထီလက်မှတ်တွေရဲ့တန်ဖိုးဟာ ၁၀ စောင်တွဲ တစောင်ကို ကျပ် ၁၂၀၀၀ လောက်အထိ ရှိတာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေချိန်မှာ စစ်ကောင်စီရောင်းချနေတဲ့ထီကို အကုန်အကျခံပြီး မထိုးနိုင်ဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“ထိုင်းထီပဲထိုးတော့တယ်။ အောင်ဘာလေထီ မထိုးတာကြာပြီ။ ကိုယ့်လိုမထိုးတဲ့သူတွေ များလို့လားမသိဘူး၊ ရပ်ကွက်တွေထဲအထိ ထီလိုက်ရောင်းနေတာတွေ တွေ့လာရတယ်။ အရင်ကဆိုရင် တွန်းလှည်းလေးတွေနဲ့ ရောင်းတာ၊ ဆိုင်ဖွင့်ရောင်းတာတွေ နေရာတိုင်းလိုလို တွေ့ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းကနေ အခုထိ ထီဆိုင်ဆိုတာ မနည်းရှာနေရပြီ” လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဇွန်လမှာ အောင်ဘာလေထီကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အမြင့်ဆုံးဆုအဖြစ် ကျပ် သိန်း ၅၀၀၀ ပဲ ချီးမြှင့်ဖို့ စစ်ကောင်စီက သတ်မှတ်ခဲ့ပါတယ်။

စစ်ကောင်စီလိုပင် NUG အစိုးရက တော်လှန်ရေးအတွက် အထောက်အကူပြုစေဖို့ နွေဦးထီကို ဖွင့်လှစ်ခဲ့ပြီး ပြည်သူတွေရဲ့ အားပေးမှုများပြားခဲ့တာကြောင့် အရောင်းရပ်တဲ့အခြေအနေထိ ဖြစ်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013