Home
မြန်မာသတင်း
စစ်ခေါင်းဆောင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုလုပ်လာ
DVB
·
November 25, 2024

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်က ပြန်လာပြီးနောက်မှာ မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသတွင်းမှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုလုပ်လာတယ်လို့ ဒေသတွင်း PDF တွေက ပြောပါတယ်။

နိုဝင်ဘာလဆန်းပိုင်းက စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ် အပြီးမှာ မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသတွင်းမှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုလုပ်ပြီး နယ်မြေပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။

နိုဝင်ဘာ ၅ ရက်မှာ စတင်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး တရုတ်နိုင်ငံက မြန်မာ့အရေးမှာ တော်လှန်ရေးဘက်က မရပ်ဘဲ စစ်ကောင်စီကို နောက်ကွယ်ကနေ ထောက်ပံ့နေတယ်လို့ နိုင်ငံတကာရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဝေဖန်ထားပါတယ်။

မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသတွင်းမှာ ပြည်သူတွေက PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ကျေးရွာတွေဘက်ကို နေ့စဉ်ပစ်ခတ်တာတွေ ပိုပြီး ဖိအားပေး လုပ်ဆောင်နေတာပါ။

မတ္တရာ PDF တာဝန်ရှိသူတယောက် ဖြစ်တဲ့ ဦးတိုးက “သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိအောင် သူတို့လုပ်မယ်လို့ ပြောနေတာတွေ ရှိတယ်။ အခု သူတို့ ဒါကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ပြောလို့ရပြီ။ မင်းအောင်လှိုင် တရုတ်ပြည် လန်ချန်း သွားရာကနေ ပြန်လာပြီးတဲ့နောက်မှ ဖြစ်ပေါ်လာတာဖြစ်တယ်။ ချိတ်ဆက်ပြီး ပြောမယ်ဆိုရင် အနောက်က တရုတ်ရဲ့ အားပေးအားမြှောက်မှု ရှိတယ်။ ကျနော်တို့ မသိနိုင်တဲ့ သူတို့ ထိပ်တန်းလျှို့ဝှက်ချက်တွေ ဖြစ်တဲ့ Under Table ကိစ္စတွေ ရှိလိမ့်မယ်။ အဲဒီဟာတွေကြောင့်မို့လို့ မင်းအောင်လှိုင်က တရုတ်ရဲ့ အားပေးအားမြှောက်မှုနဲ့ ပိုပြီးတော့ ရမ်းကားလာတယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ မှာ တရုတ်အစိုးရဟာ မြန်မာပြည်တွင်းရေး အခြေအနေတွေအပေါ် တစုံတရာ မှတ်ချက်မပေးခဲ့ဘဲ စောင့်ကြည့်တဲ့အနေအထား ဒါမှမဟုတ် ကြားနေအဖြစ် ရှိခဲ့ပေမဲ့ အာဏာသိမ်း ၃ နှစ်ကျော်လာချိန်မှာတော့ မြန်မာပြည်တွင်းရေးအပေါ် အမြင်သဘောထား ပြောင်းလာခဲ့တာပါ။

ဇွန်လမှာ သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် အရင်အာဏာရှင်ဟောင်းတွေ နိုင်ငံရေးသမားတွေကို တရုတ်သံတမန်က စတင်ထိတွေ့ခဲ့ပြီး စစ်ကောင်စီရဲ့ ရပ်တည်နိုင်မှု အာမခံချက် နည်းလာချိန်မှာ စစ်တပ်ဘက်ကနေ တရုတ်အစိုးရက သိသိသာသာ ဝင်ရပ်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေနဲ့ပတ်သက်တဲ့ အကြောင်းပြချက်နဲ့ စွက်ဖက်မှုတချို့ လုပ်နေတာဖြစ်ပြီး ဒီအခြေအနေကို ကြိုတင်မျှော်မှန်းထားပြီးသား ဖြစ်တယ်လို့ မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က ပြောပါတယ်။

“အစကတည်းကလည်း တချိန်မဟုတ်တချိန် ဒီလိုလုပ်လိမ့်မယ်လို့ တွေးပြီးသားပါ။ ဘာလို့တုံးဆိုတော့ သမိုင်းတ‌လျှောက်ရော ကျနော်တို့ ငယ်ငယ်ကတည်းက သင်ခဲ့ရတဲ့ သင်ခန်းစာတွေရယ်၊ လက်တွေ့ကြုံခဲ့ရတာတွေ၊ ကမ္ဘာ့ရဲ့ အရေးအခင်းတွေ ကြည့်ခြင်းအားဖြင့် သူ့ရဲ့အကျိုးစီးပွားကိုပဲ ကြည့်မယ်လို့ ကျနော်တို့တော့ သုံးသပ်မိတယ်။ ကျနော်တို့ကတော့ ဘာမှတော့ သိပ်ရင်မခုန်ပါဘူး။ ဒီအတိုင်းလုပ်မယ်လို့ အစကတည်းက ထင်ပြီးသားပါ။ ဒါ့ကြောင့် အစကတည်းက ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့ကြတာပါ။ ကျနော်တော့ သိပ်တော့ မတွက်ပါဘူး။ ကျနော်တို့မှာက နိုင်ငံတကာတွေ ပတ်ဝန်းကျင်ကူညီမှုတွေက အစကတည်းက အင်မတန်နည်းခဲ့တာ ဖြစ်တဲ့အတွက် အချင်းချင်းရဲ့ စည်းလုံးမှုမှာတော့ ပိုပြီးတော့ အတွေ့အကြုံတွေ ရပြီးတော့ ငါတို့တွေ ဘယ်လိုပူးပေါင်းရင် ပိုပြီးကောင်းမယ် ဆိုတာတွေကတော့ သမိုင်းရဲ့အတွေ့အကြုံနဲ့ သင်ခန်းစာတွေကနေ ရလာတဲ့အတွက် အရင်ထက်စာရင်တော့ အများကြီး ပိုကောင်းလာမယ်လို့ ကျနော်တော့ သုံးသပ်ချင်ပါတယ်။”

မြေပြင်စစ်ရေးအခြေအနေတွေအရ မန္တလေးမြို့ကို ဦးတည်နေတဲ့ PDF တွေရဲ့ မန္တလေးတိုင်း၊ စစ်ကိုင်း၊ မကွေးတိုင်းဘက် အသီးသီးက ထိုးစစ်တွေဟာ ဗျူဟာတကျ ဖြစ်ပေါ်လာတာဖြစ်ပြီး အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုတွေလည်း ရှိခဲ့တာပါ။

မန္တလေးမြို့ ပတ်ချာလည်မှာရှိတဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းထဲက မြို့နယ်အသီးသီးမှာ PDF တွေက မြေပြင်စစ်ရေး အသာစီးယူထားချိန်ရောက်မှ တရုတ်ဘက်က ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ မြန်မာ့အရေးကို ချဉ်းကပ်လာတာဟာ သံတမန်ရေးအရ မသင့်လျော်တဲ့ နည်းလမ်း ဖြစ်တယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ခန့်ဝေဖြိုးက ပြောပါတယ်။

“ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်နိုင်အောင် လူအား၊ ငွေအား၊ နည်းပညာအား ဒါတွေကူညီတဲ့လုပ်ရပ်တွေမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ပါဝင်ပတ်သက်နေမယ် ဆိုရင် မြန်မာပြည်သူလူထုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြားထဲမှာ ရှိတဲ့ ချစ်ကြည်ရင်းနှီးမှုတွေဟာလည်း ထိခိုက်နိုင်တယ်ပေါ့။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ အခုလက်ရှိ ချထားတဲ့ နိုင်ငံခြားရေးမူဝါဒကတော့ မှားယွင်းတယ်။ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို အခြေခံမှပဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ရလိမ့်မယ်လို့ ကျနော်တို့ ပြောချင်ပါတယ်ဗျ။”

မန္တလေးမြို့မှာ အခြေစိုက်ထားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဟာ မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသတွင်း စစ်ကောင်စီရဲ့ စစ်ရေးဖော်ဆောင်မှုတွေမှာ ဗဟိုချက် ဖြစ်တာကြောင့် ဒေသအသီးသီးက PDF တွေက ဦးတည်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေမှာ စစ်ရေးချိန်ခွင်လျှာဟာ အပြောင်းအလဲဖြစ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးယူထားခဲ့တာပါ။

တရုတ်အစိုးရရဲ့ ဖိအားပေးမှုတချို့ကြောင့် စက်တင်ဘာလထဲမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်တွေ အရှိန်တန့်သွားပေမဲ့ ဒေသခံ PDF တွေက သိမ်းယူထားတဲ့ စစ်ကောင်စီစခန်းတွေကို လက်မလွှတ်ဘဲ စစ်ကောင်စီကို ဖိအားဆက်ပေးနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024