ရန်ကုန်မြို့မှာ တိုက်ခန်းငှားခတွေ အဆမတန် မြင့်တက်လာတာကြောင့် စပ်တူစုပေါင်း ငှားရမ်းနေထိုင်တာတွေ တွင်ကျယ်လာတယ်လို့ အိမ်ငှားနေထိုင်သူတွေဆီက သိရပါတယ်။
ယောကျ်ားလေးသီးသန့်၊ မိန်းကလေးသီးသန့် စုပြီး အခန်းငှားရမ်းတာတွေတင်မကဘဲ အိမ်ထောင်သည် မိသားစုချင်း အခန်းစပ်ငှားတာတွေပါ များလာတာလို့ ဆိုပါတယ်။
လူစုအခန်းငှားနေထိုင်သူတယောက်က “တယောက်တည်းငှားနေဖို့က ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ အရင်က နှစ်ယောက်လောက်ပဲ နေတဲ့ အခန်းက အခုဆို နောက်နှစ်ယောက်လောက် ထပ်တင်မှ ကိုက်တော့မှာမျိုးတွေ ဖြစ်လာတယ်။ အခန်းခက နှစ်ဆလောက် တက်သွားတာလေ” လို့ ပြောပါတယ်။
ဝင်ငွေနည်း အိမ်ထောင်သည်တွေ အနေနဲ့လည်း အခန်းခမတတ်နိုင်လို့ နောက်လူထပ်ခေါ်ပြီး စပ်တူနေထိုင်ရတဲ့နည်းလမ်း သုံးလာရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ တိုက်ခန်းငှားရမ်းနေထိုင်သူတယောက်က “ဖြစ်နိုင်ရင်တော့ ကိုယ့်မိသားစုပဲ နေချင်တာပေါ့။ မတတ်နိုင်တော့လို့ စပ်တူနေမယ့်သူ ခေါ်ရတယ်။ အိမ်ရှင်ကိုတော့ ဆွေမျိုးဆိုပြီး ပြောရတာပေါ့” လို့ ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့ရဲ့ တိုက်ခန်းအငှားစျေးမှာ အပေါ်ဆုံးထပ်ကို အနည်းဆုံး ကျပ် ၂၀၀,၀၀၀ နဲ့အထက် ရှိနေပြီး အာဏာသိမ်းပြီးနောက်မှာ နှစ်ဆကျော် မြင့်တက်သွားတာ ဖြစ်ပါတယ်။
မြေညီနဲ့ အထပ်နိမ့်အခန်းတွေမှာ ၃ ဆနီးပါး စျေးတက်တာမျိုးတွေ ရှိသလို မကြာခဏ စျေးထပ်တက်တာကြောင့် အိမ်ငှားနေထိုင်သူတွေ အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။
တချို့အိမ်ရှင်တွေက အိမ်ငှားတွေ မိသားစုများရင် လက်မခံလို့ လူစုနေဖို့ အဆင်မပြေတာမျိုးတွေ ကြုံရလေ့ရှိတယ်လို့လည်း တိုက်ခန်းငှားရမ်းနေထိုင်သူတွေက ပြောပါတယ်။