ကိုဗစ်ရောဂါကပ်ဘေးကာလကတည်းက ၄ နှစ်ကျော်ကြာ မကျင်းပဖြစ်တဲ့ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ပွဲဈေးကို အခုနှစ်မှာပြန်ဖွင့်လှစ်ကျင်းပဖို့ ဆိုင်ခန်းနေရာတွေ သတ်မှတ်လိုက်ပြီလို့ မြို့ခံတွေထံက သိရပါတယ်။
ပုဇွန်တောင်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲဈေးကို အခု နိုဝင်ဘာ ၂၂ ရက်ကနေ ၂၅ ရက်အထိ ပြုလုပ်မယ်ဆိုပြီး ဆိုင်ခန်းနေရာ သတ်မှတ်တာတွေကို လုပ်ဆောင်ပြီးပြီဖြစ်သလို ပွဲကျင်းပနိုင်ဖို့အတွက် စစ်ကောင်စီဘက်က ပြင်ဆင်ပေးနေတယ်လို့ ရေကျော်လမ်းမှာ နေသူတွေက ပြောပါတယ်။
ရေကျော်လမ်းမှာ နေသူတယောက်က “ဆိုင်ခန်းနေရာတွေတော့ လာသတ်မှတ်သွားကြပြီ။ ကျင်းပမယ့်ရက်ကတော့ ၂၂ ကနေ ၂၅ အထိလို့တော့ အုပ်ချုပ်ရေးမှူးရုံးက သတင်းပြန်ကြားရတယ်။ မလုပ်ဖြစ်တာ ကြာပြီဆိုတော့ မေ့မေ့ပျောက်ပျောက်တောင် ဖြစ်နေပါပြီ။ နိုင်ငံရေးအခြေအနေက မကောင်းတော့ တခုခုဖြစ်မှာတော့ စိုးရိမ်မိတယ်” လို့ ပြောပါတယ်။
အရင်က ရေကျော်ပွဲဈေးကို သီတင်းကျွတ်ကာလမှာသာ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ အခုအခါ တန်ဆောင်တိုင်ကာလမှ ဘာလို့လုပ်ရလဲ ဆိုတာကိုတော့ နားမလည်ဖြစ်ရတယ်လို့ ရေကျော်လမ်းမှာ နေသူတွေက ဆိုပါတယ်။
ရေကျော်ပွဲဈေးကို ရန်ကုန်မြို့က ပြည်သူတွေ အများအပြား လာရောက်လည်ပတ်လေ့ရှိသလို အနုပညာရှင်တွေပါ လာရောက်လည်ပတ်လေ့ရှိတဲ့ ပွဲတခုဖြစ်ပါတယ်။
ပုဇွန်တောင်မြို့နယ်မှာ နေသူတယောက်က “စစ်တပ်က ပွဲတွေ တခုပြီးတခု ဆက်နေစေချင်လို့ သီတင်းကျွတ်မှာ မလုပ်ဘဲ တန်ဆောင်တိုင်အပြီးမှာ လုပ်တာလို့တော့ ထင်တယ်။ ဒါပြီးရင်လည်း ဒီဇင်ဘာ ခရစ္စမတ်ရယ်၊ ဟက်ပီးနယူးရီးယားက ရှိသေးတယ်။ အဲဒါကြောင့် ပွဲကို နောက်ဆုတ်လိုက်တာလို့တော့ ထင်တယ်” လို့ မှတ်ချက်ပြုပါတယ်။
ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ၂၀၁၉ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့တာဖြစ်ပြီး အခု သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်ပြီးချိန်မှာ ရေကျော်ပွဲဈေးစနိုင်ဖို့ စစ်ကောင်စီ လက်အောက်ခံတွေက စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အရင်က ရေကျော်ပွဲဈေး ကျင်းပချိန်မှာ မုန့်ဆိုင်တန်းတွေ၊ ကစားစရာရောင်းချတဲ့ ဆိုင်ခန်းတွေ၊ အပျော်ဆော့ကစားနိုင်တဲ့ နေရာတွေအပြင် စတိတ်စင်တွေနဲ့ပါ ဖျော်ဖြေရေးတွေ ပြုလုပ်ကျင်းပခဲ့ပေမဲ့ အခုကျင်းပမယ့်ပွဲ အခြေအနေတော့ မသိရသေးဘူးလို့ ရေကျော်လမ်းနေ ပြည်သူတွေက ပြောပါတယ်။
ကေခိုင်