Home
မြန်မာသတင်း
ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးရုံးများက နည်းမျိုးစုံ ငွေကောက်နေသဖြင့် ပြည်သူများ အခက်ကြုံ
DVB
·
November 23, 2024
shwe paugh kan_23112024

ရန်ကုန်က  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ငွေကြေးကုန်ကျမှု များနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်က အခြေခံလူတန်းစားတွေနေထိုင်တဲ့ ရပ်ကွက်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေဟာ ပြည်သူတွေထံက နည်းလမ်းအမျိုးမျိုးနဲ့ ငွေကြေးတောင်းခံနေကြတာကြောင့် ပြည်သူတွေအနေနဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်နေကြရသလို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေက စစ်တပ်နဲ့ခြိမ်းခြောက်ပြောဆိုမှုတွေကြောင့် အုပ်ချုပ်ရေးမှူးတွေ တောင်းခံသမျှ ငွေကြေးမရှိပါက နေ့ပြန်တိုးတွေယူကာ ပေးနေရတယ်လို့ ဆိုပါတယ်။

အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်မှာ နေသူတယောက်က “ဧည့်စာရင်းစာအုပ်တွေ လဲတုန်းကလည်း တအုပ်ကို တထောင်၊ စားအုန်းဆီစာအုပ်ဆိုရင်လည်း ၂၀၀၀၊ တချို့ရပ်ကွက်တွေဆိုရင် ၃၀၀၀ လောက်ပေးရတယ်။ ထောက်ခံစာ၊ ဧည့်စာရင်းတိုင်ခတွေလည်း ပေးနေရတာ။ ပိုက်ဆံမပေးရင် ဘာမှကို လုပ်မပေးတာ။ အဆိုးဆုံးက စစ်တပ်နဲ့ရှင်းဆိုတာမျိုး ခြိမ်းခြောက်တာ” လို့ ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေအနေနဲ့ ရပ်ကွက်အတွင်း အလှူပွဲတခုခု၊ ပွဲလမ်းသဘင်၊ အခမ်းအနားတခုခုရှိတိုင်းလည်း ရပ်ကွက်နေ ပြည်သူတွေထံက မတည်ငွေဟုဆိုကာ မကြာခဏ ငွေကြေးကောက်ခံနေကြတာကြောင့် ပြည်သူတွေ အခက်အခဲဖြစ်နေကြရတာပါ။

ရန်ကုန်မှာ ငွေတောင်းကြမ်းတဲ့ ရပ်ကွက်တွေဟာ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေပေါက္ကံ၊ တောင်ဒဂုံ၊ သာကေတ၊ ဒလ စတဲ့ မြို့စွန်ကျတဲ့ နေရာတွေက ဖြစ်တယ်လို့ အဆိုပါမြို့နယ်မှာ နေထိုင်သူတွေထံက သိရပါတယ်။

ရွှေပေါက္ကံမြို့ ၁၄ ရပ်ကွက်မှာနေသူတယောက်က “သူတို့ခေတ်ကိုပြန်ရောက်သလို ဖြစ်သွားတာ။ သူတို့မငြိုငြင်အောင်နေရတယ်။ သူတို့ကောက်တဲ့ ပိုက်ဆံမရရင် ရပ်ကွက်ထဲကို စစ်တပ်နဲ့ ရဲတွေခေါ်ပြီး ဧည့်စာရင်းစစ်တာတို့ ရပ်ကွက်ထဲအထိ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ ဝင်ဖမ်းတာတွေ လုပ်ကြတာ။ စားဖို့အနိုင်နိုင်ဖြစ်နေတာကို သူတို့အတွက်ပါ ဖဲ့ပေးနေရတယ်” လို့ ပြောပါတယ်။

ရန်ကုန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေဟာ ပြည်သူတွေထံက ငွေကြေးတောင်းခံတာအပြင် စစ်ကောင်စီအလိုကျ စစ်မှုထမ်းဖို့အတွက် လိုက်လံစုဆောင်းပေးနေသလို၊ သန်းခေါင်စာရင်းကောက်ယူစဉ်ကလည်း လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ရပ်ကွက်နေပြည်သူတဦးဦးကို မကြည်ဖြူပါက စစ်တပ်ထံတိုင်ကြားကာ ဖမ်းစီးခိုင်းစေသလို ရပ်ကွက်အတွင်းက လူမိုက်တွေနဲ့ပေါင်းကာ ပြည်သူတွေကို ရိုက်နှက်တာမျိုးတွေအထိ ပြုလုပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013