Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီးပျက်ချိန်ပိုကြာလာပြီး ရေပါပြတ်လာသဖြင့် ပြည်သူများ အခက်ကြုံ
DVB
·
December 8, 2024

ရန်ကုန်မှာ လျှပ်စစ်မီးပျက်ချိန်ပိုကြာလာပြီး ဂျိူးဖြူရေရရှိမှုလည်း နည်းပါးလာတာကြောင့် ပြည်သူတွေ အခက်အခဲကြုံနေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာလအစကတည်းက ရန်ကုန်မှာ လျှပ်စစ်မီးပျက်ချိန်ပိုကြာပြီး အလှည့်ကျမီးရရှိချိန် ၄ နာရီဟာ အပြည့်မရတော့ဘဲ အလှည့်ကျမီးလာချိန်တချိန်ကို ၁ နာရီလောက်သာရရှိတော့ကာ မီးလာချိန်တွေမှာလည်း မကြာခဏ လျှပ်စစ်မီးပြတ်တောက်နေသလို ဂျိုးဖြူရေပြတ်လပ်တာတွေ ဆိုးရွားစွာဖြစ်နေတယ်လို့ ဆိုပါတယ်။

ရွှေပေါက္ကံမြို့မှာနေသူတယောက်က “အရင်က မီးပျက်ရင် ဂျိုးဖြူရေလာတယ်။ မီးလာတဲ့အချိန်ဆိုရင် မော်တာနဲ့မောင်းမှရေလာတာ။ အခုက မီးလာလည်း ရေမလာဘူး။ မီးပြတ်လည်း ရေမလာဘူး။ မီးကလည်း ၄ နာရီခြား တခါဆိုပေမဲ့ လာရမယ့် ၄ နာရီအတွင်းမှာ ၁ နာရီလောက်ပဲ လာတော့တယ်။ ကျန်တဲ့ ၃ နာရီလောက်က လာလိုက်ပျက်လိုက်၊ မီးပြန်ဖျက်မယ့်အချိန် ၁ နာရီလောက်အလိုမှ မီးပေးတာတွေဖြစ်နေတာ” လို့ ပြောပါတယ်။

ရန်ကုန်တတိုင်းလုံးရှိ စက်မှုဇုန်တွေကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးပေးတော့မယ်လို့ စစ်ကောင်စီလျှပ်စစ်ဌာနက ကြေညာခဲ့ပြီးနောက် စက်မှုဇုန်တွေသာမက လူနေရပ်ကွက်တွေမှာပါ စိုးရွားစွာ လျှပ်စစ်မီးပျက်တာနဲ့ ကြုံတွေ့ရတာပါ။

ဒီအခြေအနေထက် လာမယ့်နွေရာသီကာလမှာ ပိုမိုဆိုးရွားစွာဖြစ်ပေါ်နိုင်တာကြောင့် ဆိုလာအားသွင်းမီးလုံး၊ အိမ်သုံးမီးစက်၊ အားသွင်းလျှပ်စစ်ပန်ကာတို့ကို ကြိုတင်ဝယ်ယူဖို့ လျှပ်စစ်ဌာနဝန်ထမ်းတယောက်က အကြံပြုပါတယ်။

“လျှပ်စစ်ထုတ်လုပ်နိုင်တာက တဖြည်းဖြည်းနည်းလာတယ်။ ဒီကြားထဲ မီးကြိုးတွေ အခိုးခံရတာ၊ တနာရီစာလောက်ပေးပြီး ကျန်တဲ့ ၃ နာရီစာလောက်ကို မန်နေဂျာပေးခိုင်းတဲ့ နေရာကို ပေးရတာမျိုးတွေကြောင့်ပါ။ မန်နေဂျာက မီးဖျက်လိုက်တော့ဆိုရင် ကျနော်တို့က ဖျက်ရတာ” လို့ အင်းစိန်မြို့နယ်လျှပ်စစ်ဌာန ဝန်ထမ်းတယောက်က ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်တာ အချိန်ကြာမြင့်လာတာကြောင့် ရပ်ကွက်အခြေပြု အထည်ချုပ်လုပ်ငန်းတွေ၊ ဓာတ်ပုံ၊ မိတ္တူဆိုင်တွေ၊ အသေးစားစက်မှုလုပ်ငန်းတွေအနေနဲ့ ရပ်တည်ရ ခက်ခဲနေကြပါတယ်။

အဆိုပါ အသေးစား၊ အလတ်စားလုပ်ငန်းတွေဟာ မီးစက်နဲ့ လည်ပတ်နိုင်ဖို့ဟာလည်း ဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ  ဒီလို မီးမမှန်ပေမဲ့ မီတာခတွေဟာ ယခင်ကထက် ထက်ဝက်ချိုးလောက် မြင့်တက်သွားတာကြောင့် ငွေကြေးကုန်ကျမှုတွေလည်း ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013