Home
မြန်မာသတင်း
ဘားအံမြို့၌ လျှပ်စစ်မီးမလာသဖြင့် စီးပွားရေးလုပ်ငန်းများ အခက်ကြုံ၊ အလုပ်လက်မဲ့များလာ 
DVB
·
December 11, 2024

ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာ တနေ့ကို လျှပ်စစ်မီး ၁ နာရီလောက်သာရရှိတာကြောင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲကြုံနေရတယ်လို့ စီးပွားရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးဖြတ်တောက်ခံရပြီး အချိန်ပိုင်းလောက်သာ လျှပ်စစ်မီးဖြန့်ဝေနေတာကြောင့် ပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတာပါ။

ဘားအံမြို့မှာ ‌A B C သတ်မှတ်ပြီး ၁ ရက် ၂ ကြိမ်၊ ၁ ကြိမ်ကို ၂ နာရီ လျှပ်စစ်မီး ဖြန့်ဖြူးနေရာက နိုဝင်ဘာလက စတင်ပြီး ၁ ကြိမ်ကို ၁ နာရီပဲ ရရှိတော့တဲ့အတွက် လျှပ်စစ်မီး အားထား လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေအားလုံး အရှုံးတွေနဲ့ရင်ဆိုင်နေရတယ်လို့ စီးပွားရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။

လုပ်ငန်းရှင်တယောက်က “မီးက လာတချက် မလာတချက်နဲ့။ မီးစက်နှိုးပြီး အလုပ်လုပ်နေရတယ်။ ဒီလိုမျိုး အဆင်ပြေသလို သွားနေရတာပဲ။ ကုန်ကျစရိတ် များတယ်။ လျှပ်စစ်မီးနဲ့ရတဲ့ အကျိုးအမြတ်နဲ့တော့ ကွာတယ်။ ကုန်ထုတ်တဲ့နေရာမှာ မီးစက်နဲ့ သုံးရတဲ့အတွက် ကုန်ကျစရိတ်ပိုယူရတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးအခြေအနေ၊ လျှပ်စစ်မီးပြတ်တောက်တာ၊ စက်သုံးဆီဈေးကြီးမြင့်တာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် ဘားအံမြို့စက်မှုဇုန်မှာရှိတဲ့ စက်ရုံကြီးတွေအပါအဝင် တပိုင်တနိုင်လုပ်ငန်း လုပ်ကိုင်သူတွေဟာ လုပ်ငန်းလည်ပတ်ရာမှာ အရှုံးပေါ်တာကြောင့် စက်ရုံတချို့ ရပ်နားလိုက်ရတာတွေ ရှိပါတယ်။

အဲဒီလို စက်ရုံတွေ ရပ်နားလိုက်ရတဲ့အတွက် အလုပ်သမားတချို့ဟာ ပြည်ပ သွားရောက်လုပ်ကိုင်သူရှိပြီး အလုပ်သမားအများစုဟာ  အလုပ်လက်မဲ့ဖြစ်နေရပါတယ်။

ဘားအံမြို့ခံ ရပ်မိရပ်ဖတယောက်က “အခုက လာချင်တဲ့အချိန် လာတယ်။ လာရင် ၁ နာရီလောက်ပဲ လာတယ်။ အကုန်လုံး ဒုက္ခရောက်တယ်။ မီးမလာတဲ့အခါကျတော့ ဖယောင်းတိုင်မီး တအား စိုးရိမ်တယ်။ မီးက ၁ နာရီဝန်းကျင်လောက်ပဲ လာတဲ့အခါကျတော့ လျှပ်စစ်နဲ့ အားသွင်းရတဲ့ မီးလုံးတွေ အားသွင်းတဲ့အခါ အားအပြည့်မရတော့ အဆင်မပြေဘူး။ သုံးမရတော့ ဖယောင်းတိုင်ဘက်ပြန်လှည့်တော့ မီးဘေး စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်တာတွေကြောင့် ကျောင်းသားတွေ စာကြည့်ဖို့ ခက်ခဲတဲ့အပြင် ဆေးရုံ ဆေးခန်းတွေမှာလည်း မီးစက်နှိုးရတဲ့အတွက် လူနာတွေက ဆီဖိုးပါ ပေးနေရတယ်လို့ ကိုယ်တိုင် ကြုံတွေခဲ့ရတဲ့ ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့ခံတယောက်က “လျှပ်စစ်မီးက တနေ့မှာ ၁ နာရီတောင်မပြည့်တော့ လူတွေ တော်တော်လေး ဒုက္ခရောက်ကြရတယ်။ ကျောင်းသားတွေမှာလည်း ကျောင်းစာကြည့်ဖို့အတွက် အခက်အခဲဖြစ်တယ်။ အချိုရည် အအေးဆိုင်တွေမှာ မီးမလာတဲ့အတွက် မရောင်းရဘူး။ မိတ္တူကူးတဲ့ ဆိုင်တွေဆိုရင်  မီးစက်မောင်းရတော့ ဈေးတွေကြီးတယ်။ စာရွက် ၁ရွက်ကို ကျပ် ၁၀၀၀ လောက် ပေးရတယ်။ ဆေးရုံ ဆေးခန်းတွေမှာလည်း မီးမလာတော့ မီးစက်တွေ မောင်းရတဲ့အတွက် လူနာတွေမှာ  ဆီဖိုးတွေ ပေးရတယ်” လို့ ပြောပါတယ်။

အာဏာမသိမ်းခင်က ကရင်ပြည်နယ်အတွင်း နိုင်ငံသားပိုင်စက်ရုံအလုပ်ရုံ ၅၀၀ ကျော်၊ နိုင်ငံခြားသားပိုင် စက်ရုံ ၃ ရုံရှိပြီး အလုပ်သမားပေါင်း ၆၅၀၀ ကျော် ဝင်ရောက်အလုပ်လုပ်နေပါတယ်။

အခုလက်ရှိမှာ နိုင်ငံခြားသားပိုင် စက်ရုံ ၃ ရုံ လုံးဝပိတ်သိမ်းလိုက်တာကြောင့်  အလုပ်သမား ၆၅၀၀ ကျော်ဟာ အလုပ်ရပ်နားခဲ့ရသလို တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတွေပါ ရပ်နားခဲ့ရတဲ့အတွက်ကြောင့် အခြေခံလူတန်းစားတွေဟာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး နေထိုင်စားသောက်ရေးအတွက် အခက်အခဲကြုံနေကြရပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013