ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်မြောက်ပိုင်း၊ ဘားအံ-ကမမောင်း-ဖာပွန်လမ်းပေါ်က စစ်ကောင်စီရဲ့ ကူးဆိပ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက DVB ကို ပြောပါတယ်။
တပ်မဟာ ၅ နယ်မြေအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာမှာ ကူးဆိပ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၆ ရက် မနက် ၈ နာရီက စတင်ပစ်ခတ်ပြီး နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီလောက်မှ တက်သိမ်းလို့ရသွားတာဖြစ်ပါတယ်။
ဗိုလ်မှူးကြီး စောကလယ်ဒိုက “တက်သိမ်းလို့ရတဲ့အချိန်မှာ အလောင်း ၈ လောင်း ကျန်ခဲ့တယ်။ လက်နက်ခဲယမ်းတွေပါ ကျန်ခဲ့တယ်။ စခန်းတက်သိမ်းတဲ့အချိန် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် ၂ စင်း လာပြီးတော့ ပေါင် ၅၀၀ ဗုံး ၄ လုံး လာကြဲချတယ်။ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၈ ယောက်ရှိပြီး လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံးပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့သလို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၂ ယောက် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ကူးဆိပ်စခန်း ရှိနေတာကြောင့် အနီးအနားကျေးရွာက ပြည်သူတွေဟာ အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် စားနပ်ရိက္ခာတွေ နှစ်စဉ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
“ပြည်သူလူထုတွေက စစ်တပ်ကို မလိုလားဘူး။ စစ်တပ် လာနေတာ ပြည်သူလူထုအကျိုး ဘာမှမပြုဘူး။ သူတို့က ပြည်သူလူထုကို အကျိုးမပြုတဲ့အပြင် အသက်အန္တရာယ်ကိုလည်း ပေးတယ်။ နှစ်စဉ်နှစ်တိုင်း ပြည်သူလူထု လုပ်ထားတဲ့ စားနပ်ရိက္ခာတွေ မီးရှို့ပစ်တာတို့ တောက်လျှောက်ပဲ လုပ်လာခဲ့တယ်။ ပြည်သူလူထု ဆောက်ထားတဲ့ အိမ်တွေ ဆောက်ပြီးတာနဲ့ မီးရှို့တာတွေ လုပ်တဲ့အခါကျ ပြည်သူလူထုက သူတို့နေတာကို လုံးဝလက်မခံတော့တဲ့အတွက် အကုန်လုံးထွက်သွားဖို့ သူတို့က လိုချင်တယ်။”
စစ်ကောင်စီရဲ့ ကူးဆိပ်တပ်စခန်းကနေ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသန်းပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာ၊ လုပ်ငန်းခွင် ဝင်ရောက်ရာမှာ လက်နက်ကြီးပစ်ခတ်တာ၊ လမ်းပိတ်ဆို့တာတွေကြောင့် ဒေသခံတွေဟာ နေထိုင်စားသောက်ရေး ခက်ခဲလာတာနဲ့ စိုးရိမ်ကြောက်လန့်တာကြောင့် ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ စစ်တပ် ရှိနေရင် ဒေသခံတွေ စိုးရိမ်ရပြီး ကူးဆိပ်တပ်စခန်း မရှိတော့ အရင်ထက်စာရင် အဆင်ပြေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီတပ်တွေ လာရင် လမ်းတွေ ပိတ်တယ်။ အခုဆိုရင် မြိုင်ကြီးငူကနေ အုန်းတောကို စစ်ကောင်စီရဲဘော်တွေ ကူးနေတယ်။ ကတိုင်တိ ကားလမ်းတွေ ပိတ်ထားတယ်။ စစ်တပ်ရှိနေတဲ့အတွက်ကို သူတို့လာရင် ကျနော်တို့က စိုးရိမ်ရတာပေါ့။ ကူးဆိပ်တပ်စခန်း မရှိတော့ရင် အရင်ထက်စာရင် အဆင်ပြေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီအတွက် အရေးပါတဲ့ ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်ပိတ်ဆို့ထားတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီရဲ့ စကခ ၈ ခမရ ၄၀၆ တပ်ရင်းက အထိုင်ချ တပ်စွဲနေတဲ့ ကူးဆိပ်တပ်စခန်းကို ၁၉၅၄ ခုနှစ်က စတင်တည်ဆောက်ပြီး ကရင်ပြည်နယ်မှာ အခြေစိုက်ခြေကုပ်ယူခဲ့တဲ့ တပ်စခန်းဖြစ်ပါတယ်။
ကူးဆိပ်တပ်စခန်းက တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုတွေ သွားလာနေတဲ့ လမ်းကို ပိတ်ဆို့တာ၊ ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ စားနပ်ရိက္ခာတွေကို လုယူတာတွေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၃ ရက်ကလည်း စစ်ကောင်စီဗျူဟာနဲ့ တပ်စခန်းတွေအတွက် အရေးပါတဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီအရာရှိ ၃ ယောက် အပါအဝင် တပ်ဖွဲ့ဝင် ၁၇ ယောက်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အောင်ခန့်