Home
မြန်မာသတင်း
ရန်ကုန်တွင် ဘေးတွဲမောင်းခွင့်ကတ်ပြားရှိသော်လည်း ဖမ်းဆီးငွေညှစ်ခံနေရ
DVB
·
December 16, 2024
Photo: Ethan Htun

ရန်ကုန်မြို့၊ ဆင်ခြေဖုံးမြို့နယ်တွေမှာ ဘေးတွဲမောင်းနှင်နေသူတွေကို မောင်းနှင်ခွင့်ကတ်ပြားတွေ ပြုလုပ်ပေးထားပေမဲ့ စစ်ကောင်စီ‌ဘေးတွဲဖမ်း အဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးအရေးယူတာ ခံနေရဆဲ ဖြစ်တယ်လို့ ဘေးတွဲမောင်းသူတွေက ပြောပါတယ်။

ဘေးတွဲမောင်းနှင်ခွင့်ကတ်ပြားတွေရဲ့ အရှေ့ဘက်မှာ ဆိုင်ကယ်နဲ့ လူပုံ တွဲရိုက်ထားတဲ့ပုံ အပါအဝင် အမည်၊ အသက်၊ အဘအမည်၊ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်၊ အုပ်ချုပ်ရေးမှူးလက်မှတ်တွေ ပါဝင်ပါတယ်။

ကတ်ပြားအ‌နောက်ဘက်မှာတော့ မြို့နယ်‌ထွေအုပ်က ချမှတ်ထားတဲ့ စည်းကမ်းချက် ၁၀ ချက်အထိ ပါဝင်နေပြီး ခရီးသည် ၂ ယောက်ထက် ပိုမတင်ရ၊ အကြမ်းဖက်လုပ်ရပ်မှာ မဝင်ရနဲ့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေ တင်ဆောင်ခြင်း မပြုရ စတာတွေ တွေ့ရပါတယ်။

စည်းကမ်းချက်တွေထဲမှာ ဘေးတွဲမောင်းသူက ဆိုင်ကယ်စီးဦးထုပ် ဆောင်းရမယ်၊ နောက်ကြည့်မှန် တပ်ရမယ်၊ ရောင်ပြန်တပ်ထားရမယ်၊ လမ်းမကြီးပေါ် တက်မမောင်းရ၊ ည ၉ နာရီနောက်ပိုင်း မမောင်းရ စတဲ့အချက်တွေ မပါဝင်ပေမဲ့ စစ်ကောင်စီအဖွဲ့ဝင်၊ ယာဉ်ထိန်းရဲ၊ အရပ်ဝတ်ရဲတွေ ပါဝင်တဲ့ ဘေးတွဲဖမ်းအဖွဲ့တွေက ဖမ်းဆီးအရေးယူ ငွေညှစ်နေကြတာလည်း ဖြစ်ပါတယ်။

မြောက်ဥက္ကလာ ဘေးတွဲမောင်းသူတယောက်က “ကျနော်တို့မှာ အဖမ်းမခံရဘူးတဲ့ သူရယ်လို့တောင် မရှိတော့ဘူး။ မနက်ကို ၁၀ နာရီလောက် တခါ၊ ညနေ ၄ နာရီ တခါ၊ ည ၉ နာရီနောက်ပိုင်း တခါ တနေ့ ၃ ကြိမ်လောက် ဖမ်းတယ်။ ဘာကတ်ပဲပါပါ ဘေးတွဲအင်္ကျီ ဝတ်ထားလည်း တားတာပဲ။ အကုန်စုံနေရင်တောင် ဘက်မှန်မပါလို့၊ ထီးတပ်ထားတဲ့ သံငုတ်က အစ ဖမ်းတာ။ ကတ်ရော နံပါတ်ရော မပါရင် ၅ သောင်း။ ပါရင်တောင် ၂ သောင်း၊ ၃ သောင်း” လို့ ပြောပါတယ်။

ဘေးတွဲဖမ်းအဖွဲ့တွေဟာ ဈေးလမ်းဆုံ၊ လမ်းမကြီးအနီး၊ တံတားအဆင်း၊ ကားဂိတ်တွေနဲ့ ဆေးရုံအနီးတဝိုက်မှာ အများဆုံးရှိနေလေ့ရှိပြီး အရပ်ဝတ်အင်္ကျီတွေနဲ့ ဖမ်းဆီးနေကြတာလို့ သိရပါတယ်။

မြောက်ဒဂုံမြို့ခံတယောက်က “ဈေးခြင်းတွေပါလို့ အဝိုင်းကြီးကားဂိတ်နားအထိ လိုက်ပို့ခိုင်းမိတာ။ ဂိတ်အနောက်က ကားနံပါတ်မှတ်သလိုလို ဈေးသည်‌လိုလို ထိုင်နေတဲ့သူတွေက အရှေ့ကတားပြီး သော့ဖြုတ်သွားတာ။ စိန်ပန်းမြိုင်ရဲစခန်းကလို့ ပြောတယ်။ ဆိုင်ကယ်တွန်းသွားတာ ညှိတာတောင် မရဘူး” လို့ ပြောပါတယ်။

ရန်ကုန်မှာ ဒီဇင်ဘာလဆန်းကစပြီး ဘေးတွဲမောင်းနှင်သူတွေကို မောင်းခွင့်ရ ဘေးတွဲကတ်ပြားတွေ ထုတ်ပေးပြီး စစ်ကောင်စီ ရပ်ကွက်ရုံးတွေအတွက် လုံခြုံရေးယူဖို့ ကင်းစောင့်ခိုင်းစေနေပေမဲ့ စစ်ကောင်စီဘေးတွဲဖမ်းအဖွဲ့ရဲ့ ဖမ်းဆီးငွေညှစ်ဒဏ်ကို ခံနေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013