Home
မြန်မာသတင်း
ဝါရှင်တန်ဒီစီတရုတ်သံအမတ်နေအိမ်ရှေ့ ဆက်လက် ဆန္ဒပြ
DVB
·
December 21, 2024

တရုတ်အစိုးရရဲ့ မြန်မာ့အရေးဝင်ရောက်စွက်ဖက်တဲ့ လှုပ်ရှားမှုတွေကိုရပ်တန့်ဖို့ အမေရိကန်ရောက် မြန်မာတွေက မြို့တော်ဝါရှင်တန်ဒီစီက တရုတ်သံအမတ်နေအိမ်ရှေ့မှာ ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ထပ်မံဆန္ဒပြခဲ့ကြပါတယ်။

တရုတ်သံအမတ်နေအိမ်ဟာ မြန်မာသံရုံးရှေ့မှာ တည်ရှိတာကြောင့် ဆန္ဒပြသူတွေက တနေရာတည်းမှာ စစ်ကောင်စီနဲ့ တရုတ်အစိုးရကို တပြိုင်တည်း ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့ ဝါရှင်တန်ဒီစီ တရုတ်သံအမတ်နေအိမ်ရှေ့ကနေ စတင်ခဲ့တဲ့ တရုတ်အစိုးရရဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေမှုကိုဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆက်လက်အကောင်အထည်ဖော်နေတာလည်း ဖြစ်ပါတယ်။

Save Myanmar-USA က ကိုရင်အေးက “ဒီနေ့တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ မြန်မာ့အရေးမှာ ကူညီမယ်ဆိုပြီး လုပ်နေတဲ့ကိစ္စရပ်တွေဟာ သူတို့ရဲ့အကျိုးစီးပွားနဲ့ အကြမ်းဖက် စစ်ကောင်စီကို အသက်ရှင်ဖို့အတွက် ကြိုးစားပေးနေတယ်လို့ပဲ ကျနော်တို့ပြည်သူတွေ ခံစားရတယ်။ တရုတ်နိုင်ငံက သိသိသာသာပဲ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အပါဝင် ကျနော်တို့ရဲ့ လက်နက်ကိုင် အင်အားစုတွေအပေါ်မှာ ဖိအားပေးတယ်။ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ လေယာဉ်ဆီတွေကအစ အားပေးပြီးတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ အသံမျိုးနဲ့ အာဆီယံကိုခုတုံးလုပ်ပြီးတော့မှ စစ်ကောင်စီကို လူရာဝင်အောင်လုပ်ပေးနေတဲ့ကိစ္စတွေဟာ လက်ရှိ ကျနော်တို့မြန်မာပြည်သူတွေ ခံစားနေရတာတွေနဲ့ တလွဲစီဖြစ်နေတာကို ပြည်သူ့ကိုယ်စား သွားရောက်တင်ပြတာဖြစ်တယ်” လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတယောက်ကလည်း ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး တိုက်တွန်းချက်ကိုကြိုဆိုပေမယ့် စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံ အားပေးနေတာနဲ့ စစ်ကောင်စီနဲ့စကားပြောဖို့ တိုက်တွန်းနေတာတွေကတော့ လက်ရှိအခြေအနေနဲ့ မဆီလျော်ဘူးလို့ ပြောပါတယ်။

“စစ်ကောင်စီကို ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက သူ့ရဲ့အကြမ်းဖက်မှုတွေရပ်မှ မရပ်တာ။ ပြည်သူတွေကို ရက်ရက်စက်စက် ဗုံးကြဲနေတဲ့ကိစ္စတွေမှာ သူတို့က ထိထိရောက်ရောက်ဖိအားမပေးနိုင်ဘဲနဲ့ စကားပြောဖို့တွန်းတယ် ဆိုတာကတော့ အဓိပ္ပါယ်မရှိဘူးပေါ့နော်”

ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စားလှယ်တို့လည်း တက်ရောက်ခဲ့ပြီး တရုတ်အစိုးရက နိုင်ငံတကာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေ ချဉ်းကပ်ဖို့ နည်းလမ်းပြောင်းပြီး ကြိုးစားနေတာလို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013