အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ ၂၀၂၅ ဇန်နဝါရီ ၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ အနုပညာရှင်တွေဦးဆောင်ပြီး သံပုံးတီး ဆန္ဒဖော်ထုတ်သွားမယ်လို့ တေးရေး၊ တေးဆို လင်းထက်က ပြောပါတယ်။
“ကျနော်တို့ အနုပညာရှင်တွေမှာရှိတဲ့ ခွန်အားနဲ့ တရုတ်အစိုးရရဲ့ မူဝါဒအမှားကို လက်မခံနိုင်ကြောင်း ဆန္ဒပြမှာဖြစ်ပါတယ်။ တလှိုင်းပြီးတလှိုင်း ကျနော်တို့ အနုပညာရှင်တွေ ဘာလုပ်နိုင်တယ်ဆိုတာ တရုတ်အစိုးရကို ပြသသွားမှာဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာတွေ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။”
အမေရိကန်နိုင်ငံကိုရောက်နေတဲ့ တေးရေး၊ တေးဆို အနုပညာရှင်တွေဖြစ်တဲ့ ရန်ရန်ချန်း၊ လင်းထက်၊ ထက်အောင်ရှိုင်း၊ Cobra၊ ကျော်သီဟ၊ နီတာ၊ သရုပ်ဆောင် ခါရာတို့ အပါအဝင် အနုပညာရှင်တွေက ဆန္ဒပြပွဲကို ဦးဆောင်သွားမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၇ ရက်က အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ စတင်ခဲ့ပြီး နိုင်ငံတကာရောက် မြန်မာတွေက ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။