Home
သတင်းဓာတ်ပုံ
တောင်ကိုရီးယားရောက် မြန်မာများ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
November 25, 2024

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသား ၂၀၀ ခန့်ဟာ နိုဝင်ဘာ ၂၄ ရက်က ဆိုးလ်မြို့ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူတွေထံက သိရပါတယ်။

တရုတ်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲကို မနက် ၁၁ နာရီမှ နေ့လယ် ၁၂ နာရီခွဲအထိ ဆိုးလ်ဘူတာရှေ့မှာ ပြုလုပ်ခဲ့ပြီး နေ့လယ် ၁၂:၃၀ မှ ၁ နာရီအထိ တရုတ်သံရုံးရှေ့ လမ်းလျှောက်ချီတက် ကြွေးကြော်ဆန္ဒပြခဲ့ပြီး ၁ နာရီခွဲမှ ၃ နာရီအထိ တရုတ်သံရုံးရှေ့မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို အားပေးတာ၊ လက်နက်ရောင်းချတာ ချက်ချင်းရပ်ဖို့နဲ့ မြန်မာ့အရေးကို ကြားဝင်စွက်ဖက်တာ၊ မြန်မာလူထု သဘောထားကို လေးစားဖို့၊ အိမ်နီးချင်းကောင်းပီသဖို့ စတဲ့တာင်းဆိုချက် ၁၀ ချက်ထက်မနည်းနဲ့ တရုတ်အစိုးရကို ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ MFDMC ရဲ့ ဗဟိုကော်မတီဝင် ကိုလင်းအိမ်က ပြောပါတယ်။

“ဒီပွဲကိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေရဲ့ သဘောထားကို ဆန့်ကျင်ပြီးတော့ အကြမ်းဖက် နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီဘက်ကနေ ရပ်တည်နေတဲ့ တရုတ်အစိုးရကို ကျနော်တို့ပြည်သူတွေ အနေနဲ့ လုံးဝသဘောမကျဘူး ဆိုတာကို ပြောချင်တာ။ အဲ့အတွက်ကြောင့် တရုတ်သံရုံးရှေ့သွားပြီး တရုတ်အစိုးရရဲ့ ပေါ်လစီတွေကို ဆန္ဒပြခြင်းဖြစ်တယ်။ ပြည်သူ‌တွေရဲ့ သဘောထား၊ သပိတ်ခေါင်းဆောင်တွေရဲ့ သဘောထားကို အားလုံးလက်မှတ်ဝိုင်းထိုးပြီး တရုတ်သံရုံးကို အိတ်ဖွင့်ပေးစာပါ ပေးခဲ့တယ်။”

အဆိုပါ တရုတ်အစိုးရ ဆန့်ကျင်ရှုတ်ချပွဲကို MFDMC နဲ့ နွေဦးတော်လှန်ရေး သပိတ်အင်အားစု တောင်ကိုရီးယားရှိ မြန်မာနိုင်ငံသားတွေ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံတဲ့ ကိုရီးယား နိုင်ငံရေး/ဘာသာရေး အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူဦးရေ ၂၀၀ အထက် တက်ရောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024