Home
မြန်မာသတင်း
ချားရစ်ခ် ပန်းပုစက်ရုံဘက်က ညှိနှိုင်းပေးခြင်းမရှိသဖြင့် အလုပ်သမားများ ဆက်လက်ဆန္ဒပြ 
DVB
·
November 15, 2024

လှိုင်သာယာမြို့နယ် မြစိမ်းရောင် စက်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် ချားရစ်ခ် ပန်းပုစက်ရုံမှာ အမျိုးသမီးအလုပ်သမားနှစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ကိစ္စကစလို့ လုပ်ငန်းခွင်အတွင်း အချိန်ပိုကြေးနဲ့ နေ့စားခတွေကို လုံလောက်အောင်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတာမှာ ၁၀ ရက်ကြာတဲ့အချိန် ပြေလည်မှုမရှိသေးဘူးလို့ သိရပါတယ်။

စက်ရုံဒါရိုက်တာ တရုတ်နိုင်ငံသားရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့ အလုပ်သမားအမျိုးသမီး နှစ်ယောက်နဲ့ တခြားသော အလုပ်သမားခေါင်းဆောင်တွေကိုပါ အလုပ်ထုတ်ထားပြီး စက်ရုံဘက်က အခုချိန်ထိ လာရောက်ညှိနှိုင်းဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မအိက DVB ကို ပြောပါတယ်။

“အလုပ်ရှင်ဘက်က လုံးဝညှိနှိုင်းဆောင်ရွက်တာမျိုးမရှိဘူး။ အလုပ်သမားတွေကတော့ လက်ရှိ သပိတ်ကတော့ ဆက်ရှိနေတယ်၊ ပြီးတော့ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေနဲ့ ပတ်သက်လို့လည်း စက်ရုံဘက်က တစုံတရာ အရေးယူဆောင်ရွက်တာ မရှိသလို အလုပ်သမားဝန်ကြီးဌာနကလည်း ဖြေရှင်းဆောင်ရွက်တာ မရှိပါဘူး၊ ဒီသပိတ်မှာ ဦးဆောင်နေတဲ့ခေါင်းဆောင် ၁၃ ဦးကို အလုပ်ထုတ်ပြီးတော့ ကျန်အလုပ်သမား ၃၀ ကျော်လောက်ကိုလည်း ထပ်ထုတ်တယ်လို့ ကျမတို့ ထပ်ကြားရတယ်ပေါ့၊ အလုပ်ရှင်က ဒီတောင်းဆိုမှုကို ဆူပူလို့ အလုပ်ထုတ်လို့ ပုံဖော်တယ်ပေါ့နော်၊ အဲတာကြောင့် သူတို့က မညှိနှိုင်းဘူးဆိုတဲ့ပုံဖြစ်နေတယ်။”

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကတဆင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနဲ့ ကုန်သည်ကြီးများ အသင်းတို့ကို စာပို့တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။ 

စက်ရုံဘက်က ဆုံးဖြတ်ချက် ချနိုင်မယ့် တာဝန်ရှိက လာရောက်ညှိနှိုင်းပေးတာမျိုး လိုချင်တယ်လို့ ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်တဲ့ အလုပ်သမားခေါင်းဆောင်တယောက်က ပြောပါတယ်။

“အခု‌လောလောဆယ် တိုင်စာတင်ထားပါတယ်ခင်ဗျ၊။ တိုင်စာက အခုလောလောထိ ဘာမှမထူးသေးဘူး၊ အလုပ်ထုတ်ခံထားရတာ အခုထိ ၁၄ ယောက်ရှိတယ်။ သူတို့တွေလည်း အခုထိ ဘာမှကို မထူးသေးဘူး အဲဒီဝန်ထမ်း ၁၄ ယောက်ကိုလည်း အလုပ်ပြန်မခန့်ဘူးပြောတယ်။ ဖြစ်စေချင်တာက‌တော့ စက်ရုံဘက်က လာပြီးညှိနှိုင်းစေချင်တာပဲဗျ၊ အဓိကကျမယ့် လူတယောက်ကို လာညှိနှိုင်းစေချင်တယ်၊ အဖြေတခုခုထွက်ဖို့ သူတိုက်ရိုက်ဆုံးဖြတ်ချနိုင်ဖို့ သူတယောက်ပေါ့၊ အခုကျ သူတို့နဲ့မပြီးဘူး နောက်တဆင့်ကို ထပ်တင်ပြရဦးမယ့်ပုံဖြစ်နေတယ်။ အချိန်ကလည်း ကြာလှပြီဆိုတော့ ကလေးတွေလည်း ပင်ပန်းလာပြီး သူတို့က အချိန်ဆွဲနေတာ။”

စက်ရုံဘက်က အခြေအနေတွေကိုမေးမြန်းဖို့ စက်ရုံရဲ့ အလုပ်သမားရေးရာဌာနကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ကျူးလွန်သူ တရုတ်နိုင်ငံသားကို အလုပ်ကနေ ထုတ်ပယ်ပေးဖို့၊ ကျူးလွန်ခံရတဲ့ အမျိုးသမီးနှစ်ယောက်အပါအဝင် အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့ နဲ့ ဒေးကြေး၊ အချိန်ပိုကြေးတွေ လုံလောက် အောင်ပေးဖို့ စတဲ့ အချက် ၁၈ ချက် ပါဝင်တဲ့ တောင်းချက်တွေကို နိုဝင်ဘာ ၆ ရက်စပြီး တောင်းဆို ဆန္ဒပြနေကြတာဖြစ်ပါတယ်။ 

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024