Home
သတင်းဓာတ်ပုံ
မြောက်ကယ်ရိုလိုင်းနားရောက်မြန်မာများ တရုတ်အစိုးရကို ဆန္ဒပြ
DVB
·
December 15, 2024

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက်  မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက  မြန်မာ့အရေးဝင်စွက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တရုတ်အစိုးရရဲ့မြန်မာ့အရေးဝင်ရောက်စွက်ဖက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာတလလုံးကို ကမ်ပိန်းလအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာရောက် မြန်မာတွေက ဆောင်ရွက်နေတာပါ။

ဒီဇင်ဘာ ၇ ရက်က မြို့တော်ဝါရှင်တန်ဒီစီမှာ စတင်ခဲ့တဲ့ တရုတ်အစိုးရဆန့်ကျင်ရေး ဆောင်ရွက်ချက်တွေကို အမေရိကန်ပြည်ထောင်စုရောက်မြန်မာတွေက ပြည်နယ်နဲ့မြို့အလိုက် ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြောက်ကယ်ရိုလိုင်းနားမှာနေထိုင်တဲ့ ကိုအောင်သန်းက “မြောက်ကယ်ရိုးလိုင်းနားရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေကနေပြီးတော့ ဒီလိုမျိုး စစ်အာဏာရှင်နဲ့ ပေါင်းပြီး လုပ်ဆောင်မယ့် စီးပွားရေးတွေ တိုင်းပြည်ထဲ ဝင်ရောက်နေရာယူမယ့် တရုတ်တပ်တွေကိစ္စတွေ၊ သူတို့ရဲ့ အကျိုးစီးပွားကာကွယ်ဖို့လုပ်တာတွေ ရပ်တန့်သွားတဲ့အထိကို တိုက်ပွဲဝင်ပြီးတော့ ဆန္ဒပြတွေကို လုပ်မယ်။ ကျနော်တို့နဲ့ စိတ်တူကိုယ်တူ ရည်ရွယ်ချက်တူသူတွေ ပူးပေါင်းပြီး မြောက်ကယ်ရိုလိုင်းနားမှာ တခြားသောပြည်နယ်တွေ ဝါရှင်တန်ဒီစီ နယူးယောက်တို့မှာ လုပ်မယ့်ဆန္ဒပြပွဲတွေ ဆက်လက်ပူးပေါင်း လုပ်ဆောင်ဖို့ ရှိပါတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာလဆန်းကစပြီး နိုင်ငံတကာရောက်မြန်မာတွေက တရုတ်အစိုးရဆန့်ကျင်ရေး ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် တရုတ်အစိုးရဘက်က မြန်မာပြည်သူတွေရဲ့ အသံတွေကိုနားထောင်ပြီး အပြုသဘောဆောင်တဲ့ချဉ်းကပ်မှုတချို့ရှိခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ တေးရေး၊ တေးဆို ကိုလင်းထက်က “ကျနော်တို့ အခုလုပ်နေတာတွေက တရုတ်ပြည်သူလူထုကို မုန်းလို့လုပ်နေတာမဟုတ်ဘူး။ ကျနော်တို့ အနုပညာရှင်တွေကလည်း အစုအဖွဲ့တခုအနေနဲ့ ဆောင်ရွက်ဖို့ရှိတယ်။ အဓိကရည်ရွယ်ချက်က တရုတ်အစိုးရရဲ့ မှားယွင်းနေတဲ့ မူဝါဒတွေကို ပြန်ပြင်သုံးသပ် စဉ်းစားဖို့ ဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့လည်း အဆုတ် အတက် ရှိနိုင်တယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျနော်တို့လည်း ပြင်ထားတယ်။ လူထုကလည်း လူထုအလျောက် ပြင်ထားတယ်။ အရှေ့မှာရှိခဲ့တဲ့ အာဏာရှင်တွေနဲ့ မင်းအောင်လှိုင်နဲ့ လုံးဝမတူဘူး အဲဒါ သူတို့ နားလည်ဖို့လိုတယ်။ အရင်တုန်းက အာဏာရှင်အောက်မှာရှိခဲ့တဲ့ လူထုနဲ့ အခုရှိနေတဲ့လူထုရဲ့စံတန်ဖိုးချင်းကလည်းမတူတော့ဘူး။ အဲ့ဒါကိုသူတို့နားလည်ဖို့လိုတယ်”လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့မှားယွင်းတဲ့မူဝါဒကိုလက်မခံကြောင်း ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို နည်းလမ်း ၃ ခုနဲ့ဖော်ဆောင်နေတာဖြစ်ပါတယ်။

ပထမနည်းလမ်းအနေနဲ့  သံတမန်းနည်းလမ်းကျ စည်းရုံးရေးလုပ်ငန်းအဖြစ် တရုတ်အပါအဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ အဖွဲ့အစည်းအသီးသီးကိုစာတွေပေးပို့တာ၊  နိုင်ငံရေးအခြေအနေ တွေအပေါ်မူတည်ပြီး လုပ်ငန်းအဖွဲ့က အချိန်နဲ့တပြေးညီ ကြေညာချက်တွေ ထုတ်ပြန်သွားဖို့ ဖြစ်တယ်လို့ တရုတ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု ဦးဆောင်သူတွေက ပြောပါတယ်။ 

ဒုတိယနည်းလမ်းအဖြစ် ဆိုရှယ်မီဒီယာတွေကနေ နိုင်ငံတကာက တရုတ်သံရုံးတွေနဲ့ အစိုးရအဖွဲ့အထိ မြန်မာပြည်သူတွေရဲ့ သတင်းစကားတွေရောက်အောင် တူညီတဲ့ သတင်းစကားတွေ ပေးပို့သွားမှာဖြစ်ပါတယ်။ တတိယနည်းလမ်းကတော့ ပြည်တွင်းပြည်ပမှာ မြေပြင်ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ကြဖို့ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013