ဆားဘီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက လူအသေအပျောက်များတဲ့ မီးရထားဘူတာရုံအမိုး ပြိုကျမှုကြောင့် ကျောင်းသားတွေ သီတင်းပတ်များစွာ ဆန္ဒပြနေကြပြီး ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူးချစ်ဟာ တောင်းဆိုချက်အားလုံးကို ဖြည့်ဆည်းပေးမယ်လို့ ဒီဇင်ဘာ ၁၁ ရက်မှာ ကတိပြုလိုက်ပြီးတော့ မငြိမ်မသက်မှုတွေကို ပြေလျော့အောင် ဆောင်ရွက်ခဲ့ပါတယ်။
နိုဝင်ဘာ ၁ ရက်က နိုင်ငံမြောက်ပိုင်း နိုဗီဆဒ်မြို့ရှိ မီးရထားဘူတာရုံမှာ မကြာသေးခင်က ပြုပြင်မွမ်းမံထားတဲ့ ကွန်ကရစ် နေကာအမိုး ပြုတ်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တာပါ။ နောက်ပိုင်းမှာ ဒဏ်ရာရသူတွေထဲက တယောက်လည်း ထပ်မံ သေဆုံးသွားပါတယ်။
ဒီဖြစ်ရပ်အပြီးမှာ အတိုက်အခံပါတီတွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေဟာ ညံ့ဖျင်းတဲ့ ဆောက်လုပ်ရေးကနေ ပေါ်ပေါက်လာတဲ့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှု၊ ပေါ့ဆမှုနဲ့ ဆွေမျိုး ကောင်းစားရေးဝါဒတို့ကို အပြစ်တင်ကာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။
အာဏာရညွန့်ပေါင်းအဖွဲ့နဲ့ သမ္မတ ဗူးချစ် က အဲဒီစွဲချက်တွေကို ငြင်းဆိုခဲ့ပြီး မတော်တဆ ဘေးအတွက် တာဝန်ရှိသူတွေအားလုံးကို ထည့်သွင်းတာဝန်ခံခိုင်းရမယ်လို့ ပြောကြားခဲ့ပါတယ်။
ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေထဲမှာ ဘူတာရုံ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို ထုတ်ပြန်ပေးဖို့နဲ့ ဖမ်းဆီးခံ ဆန္ဒပြသူတွေကို လွှတ်ပေးဖို့ ပါဝင်ပါတယ်။
“စာရွက်စာတမ်းတွေကို ဖုံးကွယ်မှု၊ လုပ်ကြံဖန်တီးမှု၊ ပျောက်ဆုံးမှု၊ လျှို့ဝှက်ပစ္စည်းအဖြစ် အမျိုးအစား ခွဲခြားမှု၊ နိုဗီဆဒ် မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေကို ဖုံးကွယ်မှုတွေနဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပြီး နိုဗီဆဒ် ရှိ မီးရထားဘူတာရုံ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ စာချုပ်များကို လူသိရှင်ကြား ထုတ်ဖော်ပြသပေးဖို့ဆိုတဲ့ တောင်းဆိုချက် ရှိလာတယ်” လို့ သမ္မတ ဗူးချစ်က ပြောပါတယ်။
သက်ဆိုင်ရာ ပုဂ္ဂိုလ်တဦးချင်းစီရဲ့ ခွင့်ပြုချက်နဲ့အညီ ပြည်သူတွေနဲ့ ကျောင်းသားတွေကို သူတို့ တောင်းဆိုထားတဲ့အတိုင်း စာရွက်စာတမ်းမျိုးစုံ ၁၉၅ ခုပါ ဖိုင်တွဲ ၈ တွဲကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့ အရှုပ်အထွေးမဖြစ်စေဖို့နဲ့ ခွင့်မပြုထားသူတွေလက်ထဲ မကျရောက်စေဖို့ ဝန်ကြီးချုပ်နဲ့ ဆောက်လုပ်ရေးဝန်ကြီးအသစ်တို့က သူတို့ဝက်ဆိုဒ်ကနေ လူသိရှင်ကြား ထုတ်ပြန်ပေးသွားဖို့ ရှိကြောင်းလည်း သမ္မတက ပြောပါတယ်။
သမ္မတ စကားပြောနေတုန်း မြို့လယ်ရှိ သူ့ရုံးခန်းရှေ့မှာ စုဝေးနေကြတဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေက လှောင်ပြောင် ရယ်မောခဲ့ကြပြီး သမ္မတ ဗူးချစ် ကို ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
Source: Reuters