အာဏာသိမ်း စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်း အမြန်ဆုံး အတည်ပြုပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒထုတ်ဖော် တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့ ဂျပန်နိုင်ငံစံတော်ချိန် ၁၁ နာရီလောက်က ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ Yabacho ပန်းခြံကနေ ကားလမ်းအတိုင်း ဂျပန်နိုင်ငံရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒပြပွဲစီစဉ်သူ အိုမိုတာမွန်ချီက “အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်နိုင်အောင်နဲ့ ဖမ်းဝရမ်းထုတ်နိုင်ခဲ့ရင် ၂၀၂၅ မှာ သူတို့ကျင်းပချင်တဲ့ အတုအယောင် ရွေးကောက်ပွဲကို မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် အခြားနိုင်ငံတွေက အသိအမှတ်ပြုချင်ရင်တောင် အသိအမှတ်ပြုလို့မရအောင်” လို့ DVB ပြောပါတယ်။
ဒါ့အပြင် ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် တရုတ်က ဆက်ဆံရေးတွေ လျှော့ချတာ၊ ဝရမ်းထုတ်လိုက်တဲ့အတွက် တပ်တွင်းပြိုကွဲမှုတွေ ဖြစ်နိုင်တာမို့ ခုလို ပွဲဖြစ်မြောက်အောင် စီစဉ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၂ ရက်နေ့ ဒီကနေ့မှာပဲ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က လူစည်ကားရာနေရာတွေမှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံအရေးဝင်ရောက် စွက်ဖက်ပြီး ထောက်ခံကူညီနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။