Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ တနှစ်အတွင်း CDM ဝန်ထမ်းများ အပါအဝင် ၇၆ ဦးကို အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ်ချမှတ်
DVB
·
January 2, 2025
Photo : NN

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တနှစ်အတွင်း CDM ပညာရေးဝန်ထမ်းတွေ အပါအဝင် စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၇၆ ယောက်အထိ ရှိခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တနှစ်အတွင်း စစ်ကောင်စီတပ်က NU၊ PDF စတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံရတဲ့ CDM ပညာရေးဝန်ထမ်း ၅ ယောက် အပါအဝင် ၇၆ ယောက်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

တရားရုံးနဲ့ နီးစပ်သူတယောက်က “ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့ အရပ်သားတွေကော ဆရာမတွေကော အားလုံးကို စကစက အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်တယ်ဆိုပြီး စကစ လက်အောက်ခံတရားရုံးက အမိန့်ချတာ။ ကနဦး စစ်ဆေးဖို့ရှိတယ်ဆိုပြီး ဖမ်းခဲ့တဲ့သူတွေကို ထောင်ဒဏ်တွေချမှတ်ခဲ့တာ။ ဆရာမ ၂ ယောက်နဲ့ ဆရာ ၃ ယောက် အပါအဝင် အားလုံးကို အကြမ်းဖက်မှု ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ထားတာ” လို့ ပြောပါတယ်။

အဲဒီ CDM ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို စစ်ကောင်စီလက်အောက်ခံ မြောင်းမြ၊ ဖျာပုံ၊ ပုသိမ်၊ ဟင်္သာတနဲ့ မအူပင်၊ ကျုံပျော်၊ ဝါးခယ်မ တရားရုံးတွေက ပုဒ်မ ၅ဝ၅(က)၊ ၅၀၅(ခ)၊ ၅၂(က)၊ ၅၀(ည) စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ ၇ နှစ်အထိ ချမှတ်ထားတာလို့ ဆိုပါတယ်။

ပညာရေးအသိုင်းအဝိုင်းက တာဝန်ရှိသူတယောက်က “'ဒီလို အကြမ်းဖက်တဲ့ဥပဒေတွေနဲ့ ဆရာ၊ ဆရာမတွေကို စကစက အမိန့်ချမှတ်တာက ကိုယ့်မိဘ ကိုယ်စော်ကားတာနဲ့ တူပါတယ်။ စကစက ပညာရေးဝန်ထမ်းတွေကို အရမ်းဖိတာ။ CDM ဝန်ထမ်းရယ် မဟုတ်ပါဘူး၊ ဘာလို့ဆို ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကို မဲနိုင်အောင် လုပ်ပေးတာဆိုပြီး အငြိုးထားတာ။ အခုလို ထောင်ဒဏ်တွေ ချတာက မလုပ်သင့်တဲ့အလုပ်လေ၊ အချိန်မီ လျှော့ပေးသင့်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

အဲဒီ ထောင်ဒဏ်အမိန့်ချမှတ်ခံရသူတွေထဲမှာ အမျိုးသမီး အယောက် ၃၀ ကျော်နဲ့ အမျိုးသား အယောက် ၄၀ ပါဝင်ပြီး  ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ Mytel တာဝါတိုင် မိုင်းခွဲခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ အမျိုးသား ၁၇ ယောက် အပါအဝင် လူအယောက် ၉၀ ကျော်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဈ) အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ စစ်ကောင်စီ လက်အောက်ခံ တရားရုံးတွေက ထောင်ဒဏ် ၆ နှစ်ကနေ ၁၁ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013