Home
မြန်မာသတင်း
အချုပ်နှင့် ထောင် ၆ ခုက နိုင်ငံရေးအကျဉ်းသားများလွှတ်မပေး
DVB
·
January 5, 2025
Photo: KK

စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်မှာ ဖမ်းဆီးခံထားရသူ ၆,၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား ပါဝင်တာနည်းပြီး ကနဦးစာရင်းအရ အချုပ်နဲ့ ထောင် ၆ ခုကနေ နိုင်ငံရေးအကျဉ်းသား လုံးဝမလွတ်လာဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်၊ ကော့သောင်းအကျဉ်းထောင်၊ ညောင်ဦးအကျဉ်းထောင်၊ ဂန့်ဂေါအချုပ်၊ ဗန်းမော်အကျဉ်းထောင်နဲ့ လွိုင်ကော်အကျဉ်းထောင်တို့ကနေ နိုင်ငံရေးအကျဉ်းသားလွှတ်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပုသိမ်ထောင်မှာ အကျဉ်းကျနေသူ ၁၀၀ ကျော် ပြန်လွတ်လာပေမဲ့ နိုင်ငံရေးအကျဉ်းသားက တယောက်မှ ပါမလာခဲ့တာပါ။

ပုသိမ်ထောင်နဲ့ နီးစပ်သူတယောက်က “လွတ်မြောက်လာတဲ့အကျဉ်းသားတွေထဲက အခြားပြစ်မှုတွေနဲ့ အကျဉ်းကျနေတဲ့သူတွေ များတယ်။ နိုင်ငံရေးအကျဉ်းသားတွေ မပါသေးဘူး။ ဒီနေ့ ၁ နာရီခွဲအထိပေါ့။ အကျဉ်းထောင်ရှေ့မှာ လာစောင့်နေတဲ့သူတွေကတော့ မနည်းဘူး။ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ မုဒိမ်းမှုနဲ့ အကျဉ်းကျနေတဲ့သူတွေ” လို့ ပြောပါတယ်။

ပြန်လွတ်လာတဲ့ အကျဉ်းသား အယောက် ၁၀၀ ကျော်ထဲမှာ အကျဉ်းသူ အမျိုးသမီး ၁၆ ယောက်နဲ့ အမျိုးသား ၈၆ ယောက်ဖြစ်ပြီး အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ရှိတယ်လို့သတင်းရတာကြောင့် ထောင်ရှေ့မှာ မိသားစုတွေက စောင့်ဆိုင်းနေခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တယောက်က “ဒီနေ့ ညပိုင်းအထိ စောင့်မယ်လေ။ ပထမလွှတ်တဲ့အထဲမှာတော့ ကျမမောင်လေး မပါလာဘူး။ ဒီနေ့ လွှတ်ပေးမယ့်အထဲမှာ ပါမယ်ထင်တာ။ မောင်လေးက လွတ်ဖို့ လပိုင်းလေးလောက်ပဲ လိုတော့တာ။ သူများတွေရဲ့ မိသားစုတွေ လွတ်တဲ့အထဲ ပါလာပြီး ကိုယ့်မောင်လေး မပါတော့ စိတ်ထဲလည်း မကောင်းဘူး၊ ရင်ထဲမှာလည်းလှုပ်ရှားနေတယ်” လို့ ပြောပါတယ်။

ပုသိမ် အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ အကျဉ်းသားအယောက် ၁၀၀ ကျော်ထဲမှာ သတ်မှတ်လွတ်ရက်ပြည့်ဖို့ လပိုင်းနဲ့ ရက်ပိုင်းပဲ လိုတော့တဲ့ အကျဉ်းသားတွေ များတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ဆိုပါတယ်။

စစ်ကောင်စီဘက်က ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားဦးရေ ၆၀၀ လောက်ပါမယ်လို့ စစ်ကောင်စီရဲ့ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပေမဲ့ တကယ်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀ လောက်ကိုပဲ အတည်ပြုနိုင်သေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့စာရင်းတွေအရ သိရတယ်။

မကွေးအကျဉ်းထောင်ကနေတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အယောက် ၉၀ လောက် ပြန်လွတ်လာပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ပါတယ်လို့ သိရပါတယ်။

မကွေးထောင်ကနေ ပြန်လည်လွတ်မြောက်လာသူတယောက်က “မကွေးထောင်ကနေ လွတ်လာတာက ၈၆ ယောက်ရှိတယ်။ အဲဒီ ၈၆ ယောက်ထဲမှာ ၆၀ ကျော်က ခိုးမှု၊ လောင်းကစားမှု၊ ရဲစည်းနဲ့ အခြားအမှုလေးတွေပါ။ သူတို့ဘက်က သြဝါဒခြွေနေတာနဲ့ လွှတ်မိန့်မကျသေးလို့ စောင့်နေရတာနဲ့ ထောင်ဝင်းထဲကနေ နေ့လယ် ၁၂ နာရီလောက်မှ ထွက်ခဲ့ရတယ်” လို့ ပြောပါတယ်။

၅၀၅ (က) နဲ့ မကွေးထောင်မှာ အကျဉ်းချခံနေရသူ အမျိုးသား၊ အမျိုးသမီး ၁၅ ယောက်လောက် ကျန်သေးတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးမှုနဲ့ မကွေးထောင်မှာ အကျဉ်းချခံထားရပြီး ပြန်လွတ်လာသူတယောက်က “ထောင်အခေါ် အရေးကိစ္စပေါ့ဗျာ။ ၅၀၅ အရေးကိစ္စထဲက ပြန်လွတ်တာ ၂၀ လောက်ပေါ့နော်။ ဓမ္မာရုံက ၃ ယောက်၊ ဆေးရုံဆောင်က ၁ ယောက်၊ အဆောင် ၃ က ၁၁ ယောက်နဲ့ အမျိုးသမီး ၄ ယောက်လို့ သိထားတယ်ဗျ။ အဲဒီထက်တော့ ၁ ယောက် ၂ ယောက် ပိုနိုင်တယ်။ ဘယ်လိုပုံစံနဲ့ လွှတ်တာလဲ ဆိုတာတော့ မပြောတတ်ဘူး။ အထဲမှာ ၅၀၅ မှုတွေနဲ့က အမျိုးသား၊ အမျိုးသမီး ၁၅ ယောက်လောက်တော့ ကျန်နေသေးတယ်” လို့  DVB ကို ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ မကွေးတိုင်း အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုသူမရှိပါဘူး။

အကြမ်းဖက်မှုနဲ့ အကျဉ်းချခံထားရသူတယောက်ရဲ့ ဇနီးက “တကယ်လို့များ ကျမယောကျ်ား လွတ်လာရင် ကျမတို့မိသားစုကိုမတွေ့ခဲ့ရင် အားငယ်မှာစိုးလို့သာ လာစောင့်တဲ့သဘောပါ။ သူတို့မပါလောက်ဘူး။ စစ်ခွေးတွေဘက်က သူတို့တွေကို မလွှတ်ရဲဘူးဆိုတာ ကျမတို့သိပါတယ်။ လွတ်မလာလို့ စိတ်ဆင်းရဲတာ ဝမ်းနည်းတာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမယောကျ်ားနဲ့ အတူ နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး ထောင်ထဲရောက်နေကြသူတွေအားလုံး ပြန်လာခါနီးပြီမို့လို့ပါ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှုနဲ့ အကြမ်းဖက်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှုနဲ့ အဂတိလိုက်စားမှုတွေကလွဲပြီး ကျန်ပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူအားလုံးကို ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးပြီး ထောင်ဒဏ် တသက်ကျခံနေရသူ ၁၄၄ ယောက်ကို ထောင်ဒဏ် ၁၅ နှစ်လို့ ပြောင်းလဲပေးသလို နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ အယောက် ၁၈၀ ကိုလည်း ပြစ်ဒဏ်က သက်သာခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024