Home
ရုပ်သံ
ဗန်းမော်မြို့တွင် KIA နှင့်စစ်ကောင်စီတပ် အနီးကပ်တိုက်ပွဲပြင်းထန် ဆက်ဖြစ်နေ (ရုပ်သံ)
DVB
·
January 8, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မှာ တလကျော်ကြာတဲ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းတွေနဲ့ အနီးကပ်တိုက်ပွဲ ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က စတင်ပြီး ဗန်းမော်နဲ့ မံစီမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့တာပါ။

နှစ်သစ်ကူးကာလမှာ တိုက်ပွဲတွေ ခဏငြိမ်သက်ခဲ့ပေမဲ့ နှစ်သစ်ကူးပြီးချိန် နောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြန်ပြင်းထန်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း နေအိမ်တွေ မီးလောင်ပျက်စီးတာတွေ ရှိနေပါတယ်။

လက်ရှိမှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေဟာ မြို့တွင်းမှာရှိတဲ့ ရပ်ကွက်တွေမှာ ဝင်ရောက် ခြေကုပ်ယူထားနိုင်သလို စစ်ကောင်စီရဲ့ တချို့စခန်းတွေနဲ့တော့ အနီးကပ် တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေလို့  KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို အများအပြား အသုံးပြုပြီး ခုခံနေတာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေယာဉ်ကွင်းအနီးမှာရှိတဲ့ နေအိမ်တွေ မီးလောင်ပျက်စီးတာတွေရှိပြီး အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KIO သတင်းပြန်ကြားရေးဘက်က ပြောပါတယ်။

ဗန်းမော်မြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိနေသလို လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြကြပေမဲ့ အတည်ပြုလို့တော့ မရသေးပါဘူး။

လက်ရှိ ဗန်းမော်မြို့အတွင်း စစ်ကောင်စီတပ်ရင်းစခန်းတွေနဲ့ အနီးမှာတော့ ပြည်သူတွေ မရှိတော့ပေမဲ့ စခန်းတွေနဲ့ လှမ်းတဲ့နေရာမှာတော့ ပြည်သူတချို့ ရှိနေကြသေးတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အလားတူ တပြိုင်တည်း ထိုးစစ်ဆင်နေတဲ့ မံစီမြို့မှာလည်း တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013