ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် အမှတ် ၃၆ ခြေလျင်တပ်ရင်း အနောက်ဘက်မှာ လေယာဥ်ကွင်းဖောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို စစ်ကောင်စီတပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး ခံစစ်နဲ့ အတားအဆီးတွေ တည်ဆောက်နေကာ အသေးစားလေယာဥ်ကွင်းတွေပါ အရေးပေါ် ဆောက်လုပ်တာလို့ ဆိုပါတယ်။
ကျုံပျော်မြို့မှာ နေထိုင်သူတယောက်က “အမှတ် ၃၆ ခြေလျင်တပ်ရင်းရဲ့ အနောက်မှာရှိတဲ့ ငါးပြင်မရိုးက ဒေသခံတွေကို ရွှေ့ပြောင်းခိုင်းနေတာ။ ဟတ်စကီးကွင်းလား၊ လေယာဥ်ကွင်းလား မသိဘူး။ ဇန်နဝါရီလ ၇ ရက် ဒီကနေ့မနက်က စစ်တပ်ထဲက စက်ယန္တရားတွေကို လုံခြုံရေးတွေနဲ့ မောင်းသွားတယ်” လို့ DVB ကို ပြောပါတယ်။
ငါးပြင်မရိုးမှာ နေထိုင်သူတယောက်ကလည်း “ဘာမှကြိုတင်မပြောထားဘဲ ချက်ချင်း အရေးပေါ်ဆိုပြီး ပြောင်းရွှေ့ခိုင်းတာ။ မသိရင် ခုပဲ စစ်ဖြစ်တော့မယ့်ပုံစံမျိုးလုပ်ပြီး အတင်းအဓမ္မ ရွှေ့ခိုင်းခံခဲ့ရတာ” လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် အနီးနားမှာလည်း စစ်တပ်က ဒေသခံတွေကို ဗုံးခိုကျင်းတွေ မတူးဖို့နဲ့ နေရပ်စွန့်ခွာပြီး ဘယ်ကိုမှ သွားလို့မရဘူးဆိုပြီး အကျပ်ကိုင် ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။