ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ကျွဲခေါင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး တအိမ်ထောင် ကျပ် ၃၀,၀၀၀ အဓမ္မကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျွဲခေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှဌေးက ဒီဇင်ဘာ ၅ ရက်ကစပြီး သက်ကြီးပိုင်းတွေပဲရှိတဲ့ အိမ်တွေ၊ မုဆိုးမနဲ့ အမျိုးသမီးတွေပဲနေတဲ့ အိမ်တွေပါမကျန် စစ်မှုထမ်းထောက်ပံ့ကြေး တအိမ် ကျပ် ၃၀,၀၀၀ အထိ ကောက်ယူနေတာလို့ ကျေးရွာဒေသခံတယောက်က ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးတွေက မောက်မောက်မာမာကိုပြော ပိုက်ဆံတောင်းတာ။ မပေးရင် ကိုယ့်သားသမီးတွေ စစ်မှုထမ်းစာရင်းထဲ ပါသွားမယ်ပေါ့။ သားသမီးမရှိတဲ့အိမ်တွေက အဖမ်းခံရမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောကောက်နေတာ။ နီးရာဓား ကြောက်နေရတော့ ပေးရတာ။”
ကျွဲခေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှဌေးက ကျေးရွာအုပ်စုထဲက ကျေးရွာခွဲတွေဖြစ်တဲ့ ကျွဲခေါင်းရွာ၊ ကျုံဖားရိုးရွာ၊ တာကောက်ရွာ၊ သဲချောင်းရွာ၊ မယ်ကြက်မအိုင်ရွာ စတဲ့ကျေးရွာတွေမှာ ငွေကောက်ယူနေတာဖြစ်ပြီး အိမ်ခြေထောင်ချီရှိတယ်လို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံတယောက်က “အုပ်ကြီးက တအိမ်ကို ၃၀,၀၀၀ အထိ ကောက်ခံနေတာ။ ကြောက်တော့ ထည့်တဲ့သူတွေချည်းပဲ။ အုပ်ကြီးက ဦးဆောင်ကောက်နေတာ။ ကောက်တဲ့ငွေ မပေးတဲ့အိမ်ကို စာရင်းယူပြီး မြို့နယ်ကို တင်ပြလိုက်မယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောတယ်။ မထည့်ရင် ဖမ်းမှာကြောက်ရတော့ ထည့်ရတာပဲ” လို့ ပြောပါတယ်။
အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူး လှဌေးဟာ ကောက်ယူထားတဲ့ငွေတွေကို စစ်ကောင်စီတပ်ကို ခွဲပေးပြီး ကျန်ငွေတွေကို ကိုယ်ကျိုးအတွက်သာ အသုံးပြုပြီး စစ်မှုထမ်းမိသားစုတွေနဲ့ စစ်မှုထမ်းလူငယ်တွေကို မပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူး လှဌေးဟာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ယူနေတာအပြင် စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ၈ အထိ အရပ်သားလူငယ်တွေကို စစ်ကောင်စီတပ်နဲ့ ဖမ်းဆီးခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။