ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်းတပ်သားအဖြစ် အဓမ္မဖိအားပေးစုဆောင်းခံရပြီး စစ်သင်တန်းပေးခဲ့တဲ့ လူငယ် အယောက် ၁၀၀ ကျော် မကွေးတိုင်းဘက်ကို အသုတ်လိုက်ခွဲပြီး ပို့နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မကွေးတိုင်းဘက် ပို့လိုက်တဲ့ စစ်မှုထမ်း တပ်သားသစ်တွေဟာ ဧရာဝတီတိုင်းအတွင်းစုဆောင်းခဲ့ပြီး စစ်ကောင်စီတပ်က ပုသိမ် ရွှေမြင်တင် အမှတ် ၆ သင်တန်းကျောင်းမှာ စစ် သင်တန်းပေးခဲ့သူတွေဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ အသုတ်လိုက်ခွဲပို့နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့နီးစပ်သူက '' ဒုတပ်ချုပ် ဧရာဝတီတိုင်းလာသွားတုန်းက သွားတွေ့ခဲ့တဲ့ စစ်မှုထမ်းလူငယ်တွေပါ။ အမှတ် ၆ ရွှေမြင်တင်မှာစု ဆောင်းပြီး မကွေးတိုင်းထဲအပို့ခံရတာ။ လူငယ်တွေအများ စုဟာ အသက် ၂၀ ကျော်အရွယ်တွေများတယ်''လို့ ပြောပါတယ်။
အဲ့ဒီ မကွေးတိုင်းဘက်အပို့ခံရတဲ့ စစ်မှုထမ်းတပ်သားသစ် အယောက် ၁၀၀ ကျော်ကို စစ်ကောင်စီ ပုသိမ်ရွှေ မြင်တင်သင်တန်းကျောင်းက ၆၆ ဘတ်တံဆိပ်ပါ ယူနီဖောင်းတွေ ပေးဝတ်ပြီး စစ်ကား ၈ စီးနဲ့ပို့နေတာလို ဆိုပါတယ်။
သာပေါင်းမြို့ခံက ''စစ်မှုထမ်းရတဲ့ ကလေးတွေအများစုက သူတို့စိတ် ဆန္ဒမပါသူတွေပါ။ အုပ်ချုပ်ရေးမှူးတွေနဲ့စစ်ကောင်စီ တပ်ပေါင်း စုဆောင်းခဲ့တာ။ တော်လှန်ရေး တပ်တွေက ကလေးတွေကိုတွေ့တဲ့ နေရာမှာ အဆင်မပြေသလို ကူညီပေးစေချင်တယ်”လို့ ပြောပါတယ်။
မကွေးတိုင်းဘက် အပို့ခံရတဲ့ စစ်မှုထမ်း လူငယ်တွေဟာ ဒုတပ်ချုပ်စိုးဝင်းက ဒီဇင်ဘာ ၂၇ ရက် ပုသိမ် ရွှေမြင်တင် အမှတ် ၆ သင်တန်းကျောင်းကိုလာပြီး အသက်စွန့်တာဝန်ထမ်းဆောင်ဖို့ တိုက်တွန်းစည်းရုံးခံခဲ့ရ သူတွေလို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဧရာဝတီတိုင်းကို ပြည်သူ့စစ်မှုထမ်း အရေအတွက်အများဆုံးဆုပေးခဲ့လို့ အခုလို လူငယ်တွေကို အဓမ္မစစ်သားစုဆောင်း ပေးနေတာလို့ စစ်တပ်နဲ့ နီးစပ်သူတွေ ဆီကသိရပါတယ်။