Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်ရေးအထူးပြင်ရန်နှင့် အသက်စွန့်တာဝန်ထမ်းရန် ဒုတပ်ချုပ်ပြော
DVB
·
December 28, 2024
Photo - MOI

ဧရာဝတီတိုင်းမှာ စစ်ရေးနဲ့ လုံခြုံရေးအတွက် အထူးပြင်ဆင်ထားဖို့နဲ့ စစ်မှုထမ်း တပ်သားတွေအနေနဲ့ အသက်စွန့် တာဝန်ထမ်းဆောင်ဖို့ ဒုတပ်ချုပ် စိုးဝင်းက ပြောပါတယ်။

ပုသိမ်မြို့ကို ဒီဇင်ဘာ ၂၇ ရက်က ရောက်လာတဲ့ ဒုတပ်ချုပ်စိုးဝင်းက စစ်မှုထမ်း တပ်သားသစ်တွေ၊ တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတုန်း ပြောဆိုခဲ့တာလို့ သွားတယ်လို့ တိုင်းအဆင့် တာဝန်ရှိသူတွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

“မနေ့က အားချင်းလာ၊ အားချင်ပြန်ရင်း ပြောသွားတာ။ အရင်လို ဘုရားဖူးတာတို့၊ သာယာ လှပတာတွေ လိုက်စစ်ဆေးတာတို့ မလုပ်ဘဲ တပ်မိသားစုတွေဆီကို သွားတယ်။ တပ်မိသားစုတွေ စည်းလုံးဖို့၊ ဆေးကုနေတဲ့ တပ်သားတွေကို အားမငယ်ဖို့ သွားပြောတယ်။ ရွှေမြင်တင် အမှတ် ၆ သင်တန်းကျောင်းကို သွားတယ်။ စစ်မှုထမ်း တပ်သားသစ်တွေနဲ့တွေ့တော့ အပတ်စဉ် ၆ စစ်မှုထမ်းတပ်သားတွေကို အသက်စွန့် တာဝန်ထမ်းဆောင်ဖို့ ပြောတယ်။ တိုင်းအစိုးအဖွဲ့ကို မှာတာက လုံခြုံရေးနဲ့စစ်ရေးပြင်ဆင်ဖို့ပြောသွားတာ”

ဒုတပ်ချုပ်စိုးဝင်းနဲ့အတူပါလာတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌသစ် မောင်မောင်အေးက လာမယ့်စစ်မှုထမ်း အပတ်စဉ်တွေမှာ လူစားထိုးတာမလုပ်ဖို့နဲ့ သတ်မှတ်ရက်မှာ သတ်မှတ်အင်အား ပြည့်မီအောင်လုပ်ဖို့ တိုင်းအစိုးရအဖွဲ့၊ ခရိုင်နဲ့ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေကို ခေါ်တွေ့ ပြောဆိုသွားတယ်လို့လည်း သိရပါတယ်။

စစ်ရေး သတင်းအရင်းမြစ်တယောက်က “ဒုတပ်ချုပ် ဧရာဝတီတိုင်းလာတဲ့ အကြောင်းရင်းက AA ထိုးစစ်ဆင်လာမှာကို ကြိုပြင်ဆင်ဖို့လာပြောသွားတာ။ သူ့တပ်သားတွေ စိတ်ဓာတ်ကျပြီး ရခိုင်ဘက်မှာ လက်နက်ချတာ၊ ထွက်ပြေးတာနဲ့ ဧရာဝတီတိုင်းမှာလည်း မကြာခဏ စစ်မှုထမ်းတွေလည်း ထွက်ပြေးတာ များလာတော့ လူမြင်ကွင်းမှာ လာချော့ပြီး သူ့လက်အောက်ခံတွေကို တင်းတင်းကျပ်ကျပ် ကိုင်ဖို့ပြောသွားတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းကိုလာသွားတဲ့ ဒုတပ်ချုပ်စိုးဝင်းဟာ အရင်က ဧရာဝတီတိုင်းကို လာတဲ့အခါ ပုသိမ် ရွှေမုဋ္ဌောစေတီတော်ကို ဖူးမြော်လေ့ရှိပေမယ့် ဒုတပ်ချုပ် ဘုရားဖူးသွားဖို့ နေရာလုံခြုံရေးယူပေးဖို့ အင်အားမလောက်တဲ့အတွက် မသွားတာလို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။

ဧရာဝတီတိုင်းနဲ့အနီးဆုံး ရခိုင်ပြည်နယ်၊ ဂွမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အနီးမှာလည်း ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013