Home
မြန်မာသတင်း
ဧရာဝတီတိုင်းကို ဒုတပ်ချုပ် ရောက်နေသဖြင့် လုံခြုံရေးတိုးမြှင့်ထား
DVB
·
December 27, 2024
Photo : KKL

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို စစ်ကောင်စီဒုဥက္ကဋ္ဌ၊ ဒုတပ်ချုပ်စိုးဝင်း ရောက်နေလို့ ပုသိမ်မြို့မှာ လုံခြုံရေး တိုးမြှင့်ချထားပြီး အစစ်ဆေး ကြမ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၇ ရက် မနက် ၁၀ နာရီကျော်ကျော်က ရောက်လာတာဖြစ်ပြီး ပုသိမ်လေဆိပ်ကနေတဆင့် ရောက်လာကာ ပုသိမ်လေဆိပ်၊ တိုင်းအစိုးရအဖွဲ့ရုံးနဲ့ မြို့အတွင်းအပြင် နေရာတွေမှာ ပုံမှန်နေ့တွေထက် လုံခြုံရေးတိုးမြှင့်ချထားသလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

“လက်ဆွဲ ပိုက်ဆံအိတ်တွေထဲအထိ လိုက်စစ်ဆေးနေတာ။ လူကြီးလမ်းကြောင်းပေါ့။ ဘယ်သူလာလဲ စုံစမ်းကြည့်တော့ စကစ ဒုတပ်ချုပ်စိုးဝင်း လာလို့တဲ့။ စစ်ဆေးနေတာ။ ဒီနေ့ ရုံးရောက်တာတောင် နောက်ကျသွားတယ်” လို့ ပုသိမ်မြို့ခံတယောက်က ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းကတည်းက ပုသိမ်မြို့၊ ကောင်းကင်ပေါ်မှာ လေယာဉ်တစီး ပျံဝဲနေပြီး စစ်ကောင်စီတပ်သားတွေ၊ စစ်ကားတွေ၊ ရဲကားတွေနဲ့ မြို့ထဲပတ်မောင်းနေသလို ကျောင်းသား ကျောင်းသူ တချို့နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကို ကြိုဆိုခိုင်းထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တိုင်းအစိုးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဒုတပ်ချုပ်လာတာ ဟုတ်တယ်။ ကနဦး ပုသိမ် ရွှေမြင်တင် အမှတ် ၆ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို သွားမယ်လို့ သိရတယ်။ တိုင်းအစိုးရအဖွဲ့နဲ့လည်း တွေ့ဖို့ ပြင်ဆင်ထားတယ်။ ဘာအတွက်လာတာလဲ ဆိုတာတော့ မသိသေးဘူး။ ဘာတွေပြောတယ်ဆိုတာ ပြန်တော့သိရမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ဒုတပ်ချုပ် စိုးဝင်း ဧရာဝတီတိုင်းကို ရောက်လာတာဟာ မြန်မာပြည်ရဲ့ ဆန်အိုး ဧရာဝတီမှာ စစ်ဖြစ်မှာစိုးရိမ်ပြီး စစ်ရေးကြိုတင်ပြင်ဆင်ဖို့ ရောက်လာတာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်ကြပါတယ်။

ဒုတပ်ချုပ်သွားဖို့ ဦးတည်လာတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာက စစ်ကောင်စီရဲ့ အမှတ် ၆ လေ့ကျင့်ရေးတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်မှာ စစ်ကောင်စီတပ်က ဖိအားပေး စုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ် အယောက် ၅၀ နီးပါး ထွက်ပြေးသွားတဲ့ တပ်လေ့ကျင့်ရေးကျောင်း ဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013