ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းထဲက မဟာမိတ်မြို့နယ်တွေ စစ်အာဏာရှင် လက်အောက်ကနေ လွတ်မြောက်ရေးအတွက် ဆက်လက်ကူညီ တိုက်ပွဲဝင်မယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နဲ့ ၂၃ ရက်တွေမှာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေကို ချင်းညီနောင် စစ်ဆင်ရေး ဦးဆောင်သူတွေက ဆက်လက်ဆောင်ရွက်နေတာပါ။
တရားဥပဒေစိုးမိုးရေး၊ စားဝတ်နေရေး အဆင်ပြေစေရေး၊ မြေမြှုပ်မိုင်းရှင်းလင်းရေး၊ မြို့သန့်ရှင်းရေးနဲ့ မြို့အုပ်ချုပ်မှု၊ ကုန်စည်စီးဆင်းမှုနဲ့ သွားလာရေးတွေကို ပြန်ချိတ်ဆက် စတင်ဆွေးနွေး ဆောင်ရွက်နေပြီလို့ ချင်းညီနောင်အဖွဲ့ စစ်ဆင်ရေး ပြောရေးဆိုခွင့်ရှိသူ ကိုရောမန်က DVB ကို ပြောပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးမှာ ဆက်တိုက်အကူအညီပေးခဲ့တဲ့ မကွေးတိုင်းထဲက မဟာမိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ပြန်လည်ကူညီပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ အစီအစဉ်ရှိတယ်လို့ ကိုရောမန်က ပြောပါတယ်။
“ကျနော်ရဲ့ ထိစပ်တွေပေါ့နော်၊ ညီနောင်တွေရဲ့မြို့တွေကို လွတ်မြောက်ဖို့ကိုလည်း ကျနော်တို့ ဦးစားပေးပါမယ်။ ညီနောင်မှာ ဥပမာပြောရမယ်ဆိုရင် YDF တို့ YA တို့ပေါ့နော်၊ သူတို့လည်း တောက်လျှောက်ပါခဲ့တာပဲ ဆိုတော့လေ။ အရင်တုန်းကလည်း ပြောခဲ့ပါတယ်။ ကျနော်တို့ လွတ်မြောက်သွားပြီးရင်လည်း ဒေသတွင်းလွတ်မြောက်ဖို့ တနိုင်ငံလုံး လွတ်မြောက်ဖို့မှာ ဆက်လက် တတပ်တအား ပါဝင်ကြမှာဆိုတော့လေ၊ အဓိကကတော့ ကျနော်တို့ပြောနိုင်တာက ညီနောင်နဲ့ ထိစပ်တဲ့နယ်မြေပေါ့နော်၊ ပြောမယ်ဆို မကွေးတိုင်းပေါ့။ ပြီးရင် ကျနော်တို့ ညီနောင်နယ်မြေနဲ့ထိစပ်တဲ့ နယ်မြေတွေမှာတော့ စစ်ရေးဖော်ဆောင်မှုတွေ ရှိလာတဲ့အခါကျရင် တတပ်တအား ပါဝင်ဖို့ရှိပါတယ်ဗျ။”
‘ချင်းညီနောင်’ စစ်ဆင်ရေးတွေမှာ အာရက္ခတပ်တော် (AA) တပ်တွေနဲ့အတူ Yaw Army – YA နဲ့ Yaw Defense Force - YDF တို့ အဓိက ပူးပေါင်းကူညီခဲ့ကြတာပါ။
ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ တော်လှန်ရေးအင်အားစုတွေက ဆက်တိုက် အသာစီးယူထားနိုင်တာကြောင့် နယ်မြေချင်းကပ်နေတဲ့ မကွေးတိုင်းဘက်က မြို့နယ်တွေကို AA နဲ့ ချင်းတပ်ဖွဲ့တွေက စစ်ရေးအရ ဆက်လက်အကူအညီပေးဖို့ ရှိနေတာဖြစ်ပါတယ်။
ချင်းပြည်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ မကွေးတိုင်းအထက်ပိုင်း၊ ယောနယ်ကို CDF တွေက အကူအညီပေးဖို့ရှိနေပြီး မကွေးတိုင်းအောက်ပိုင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသတွေမှာ AA က အကူအညီပေးမယ့် အခြေအနေ ဖြစ်ပါတယ်။
အကူအညီပေးဖို့ စဉ်းစားချက်တွေရှိကြောင်းကိုလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။
မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “ဘာပဲပြောပြော ဒီလိုပေါင်းတိုက်နိုင်တာကတော့ တော်လှန်ရေးကို အားဖြစ်စေတယ်။ အချိန်ကာလအားဖြင့်လည်း မြန်စေတယ်ပေါ့။ မကွေးတိုင်း အထက်ပိုင်း ယောဒေသမှာကိုက AA နဲ့ မဟာမိတ်လုပ်ထားတဲ့အဖွဲ့တွေ ရှိသလို မဟာမိတ်မလုပ်တဲ့ အဖွဲ့တွေရှိတယ်။ အခုအချိန်မှာ AA က တော်လှန်ရေးမှာ အအောင်မြင်ဆုံးအဖွဲ့လည်း ဖြစ်နေတယ်ဆိုတော့ အထူးသဖြင့် မကွေးတိုင်းအောက်ပိုင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်း သရက်၊ မင်းဘူး၊ မင်းလှ၊ ငဖဲ၊ မင်းတုန်းဘက်တွေမှာက AA ကနေ တိုက်ရိုက် အကူအညီပေးတာတွေ ရှိသလို AA ရဲ့ တပ်ဖွဲ့တွေလည်း လျှို့ဝှက်ဝင်ရောက်ပြီး လှုပ်ရှားနေတယ်ဆိုတာ သိခဲ့ရတယ်။ မင်းတပ်-ကန်ပက်လက် မြို့သိမ်းတိုက်ပွဲပြီးသွားတဲ့အခါမှာ ဆော၊ ထီးလင်း၊ ဂန့်ဂေါကို သူတို့က အကူအညီပေးမယ် ဆိုပြီးတော့မှ၊ မင်းတပ်တို့ ကန်ပက်လက်တို့မှာလည်း မကွေးတိုင်းက ထိစပ်နေတဲ့ မြို့နယ်တွေက PDF တွေက သွားရောက်ပြီး ပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိတယ်။ ဘုံရန်သူကို တိုက်တဲ့နေရာမှာတော့ ဒီလိုပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုသမျှကတော့ အားပေးရမှာပဲ” လို့ ပြောပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းမှာ ချင်းပြည်နယ်တောင်ပိုင်းတခုလုံးကို ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေဆီက ထိရောက်တဲ့အကူအညီတွေ မရခဲ့တာကြောင့် မချင့်မရဲဖြစ်မိကြောင်း ချင်းညီနောင် စစ်ဆင်ရေးခေါင်းဆောင်က ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုချက်ဟာ ညီညွတ်ရေးကို ထိခိုက်စေဖို့မဟုတ်ဘဲ ဘုံရန်သူကို ဦးတည်တိုက်ခိုက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးကသာ ချင်းညီနောင်ရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ကိုရောမန်က ပြန်လည်ရှင်းလင်းပါတယ်။
“မချင့်မရဲဖြစ်တဲ့ဟာပါ၊ ကျနော်တို့မှာ စတုန်းကလည်း တကယ့်မိခင်အဖွဲ့အစည်းလိုမျိုးပေါ့နော်၊ ညီအစ်ကိုအဖွဲ့အစည်းရင်းတွေ မရှိဘဲနဲ့ ကိုယ်ဟာနဲ့ကိုယ် တော်တော်များများ ကြိုးစားရုန်းကန်ရတယ်။ အများကြီး ကျနော်တို့ဖြတ်သန်းခဲ့ရတယ်။ လောက်လောက်လားလား ထောက်ပံ့တာသော်လည်းကောင်း၊ ဆွဲခေါ်တာသော်လည်းကောင်း၊ အသိအမှတ်ပြုခဲ့တာ သော်လည်းကောင်း မရှိဘူးလေ။ အဲဒီအတွက်ကြောင့် မချင့်မရဲဖြစ်တဲ့ သဘောပါ။ ဒါပေမဲ့ ကျနော်တို့ အာဏာရှင်ပြုတ်ကျရေး ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးမှာတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ အများကြီးရှိပါတယ်။ ကျနော်တို့အနေနဲ့ တိုက်ပွဲဖော်ဆောင်ရမယ့် အဖွဲ့ဆိုလို့ စစ်ကောင်စီပဲရှိပါတယ်။ ကျန်တဲ့အဖွဲ့တွေနဲ့ ကျနော်တို့အနေနဲ့ကတော့ ဖက်ဒရယ်အနှစ်သာရအပေါ်ပဲ ကျနော်တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ။”
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် မြို့တွေကို သိမ်းယူနိုင်ဖို့ ချင်းညီနောင်အဖွဲ့တွေက ၂၀၂၃ နိုဝင်ဘာကနေ ၂၀၂၄ ဒီဇင်ဘာအထိ ၁ နှစ်နဲ့ ၁ လဝန်းကျင် အချိန်ယူ တိုက်ခိုက်ခဲ့တာပါ။
လက်ရှိအချိန်မှာ ချင်းပြည်နယ်တခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာဖြစ်ပြီး ဒေသချင်းကပ်နေတဲ့ မကွေးတိုင်းထဲက စစ်ကောင်စီတပ်ဖွဲ့တွေအတွက် စိန်ခေါ်မှုတွေရှိလာတာ ဖြစ်ပါတယ်။
သုတချမ်းသာ