ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးနားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ ဒရုန်းလက်ချက်ကြောင့် ဒီဇင်ဘာ တလအတွင်းမှာ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
“အိမ် ၅၀ လောက် ပျက်စီးမှုစာရင်းက အမှန်ပါ။ ဒီထက်ပိုများပါတယ်။ ပျက်စီးမှုကြီးကြီးမားမားကိုပဲ ကောက်ယူတာမို့လို့ပါ။ အသေးစိတ်စာရင်းတွေလည်း အချိန်အခါနဲ့အညီ ထုတ်ပြန်ဖို့ရှိပါတယ်။ ထိတွေ့ တိုက်ပွဲကတော့ ၁၀ ကြိမ်ထက်မနည်း ရှိပါတယ်။ မိုးဗြဲအနီးနားပတ်လည်မှာပေါ့။”
စစ်ကောင်စီတပ်က မိုးဗြဲမြို့အနီးတဝိုက်ကို ဒရုန်းအပါအဝင် လက်နက်ကြီးနဲ့ ဗုံးကြဲ ပစ်ခတ်တာတွေကို နေ့တိုင်းပြုလုပ်နေပြီး ဒရုန်းနဲ့ ဗုံးကြဲရာမှာလည်း S-PHOS တံဆိပ်ပါ အဆိပ်ငွေ့ပြားတွေကိုလည်း အသုံးပြုတိုက်ခိုက်တာကြောင့် ရဲဘော်တွေ အားနည်းတာ၊ မူးဝေတာ၊ ယားယံတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
“စကစက ဒရုန်းနဲ့ နေ့ညတိုင်းလိုလို ပစ်ခတ်နေတော့ အိုးအိမ်ပျက်စီးသွားတာတွေရှိတယ်။ ပြည်သူတွေကတော့ များသောအားဖြင့် မြို့ထဲကို မနေကြတော့ ထိခိုက်မှုတော့ မရှိပါဘူးဗျ” လို့ မိုးဗြဲစစ်ဘေးရှောင်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်က နိုဝင်ဘာလကစပြီး ပင်လောင်း ဖယ်ခုံကနေတဆင့် မိုးဗြဲက ခမရ ၄၂၂ တပ်ထဲကို စစ်အင်အားဖြည့်တင်းနေပြီး မိုးဗြဲအနီးတဝိုက်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် လွိုင်ကော်မြို့နယ်ထဲက နေရာတချို့မှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။