Home
မြန်မာသတင်း
မတ္တရာတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံး၊ မြိုင်မြို့၌ စစ်တပ်က မီးရှို့သဖြင့် နေအိမ် ၁၅ လုံး ပျက်စီး
DVB
·
December 27, 2024
Photo : အညာမြေတပ်ပေါင်းစု

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ်တွေ သေဆုံးသွားသလို ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးကျည်က မတ္တရာမြို့နယ်ထဲမှာရှိတဲ့ ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရှုံးလာတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ဦးစီးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “စစ်ကောင်စီဘက်က တပ်စွဲနေတဲ့ လက္ကောင်းလေးရွာဘက်ကနေ လှမ်းပစ်ခဲ့တာပါ။ ဒီဖြစ်စဥ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကောင်စီဘက်က တဖက်သတ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ အသေးစိတ်အချက်အလက်တွေတော့ ကျနော်တို့ မသိရသေးပါဘူးဗျ။ ကလေးငယ် ၂ ယောက်က နေရာမှာတင် ဆုံးသွားပါတယ်။ ပြည်သူ ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ပဲ အကြမ်းဖျင်း သိထားရပါသေးတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါ သေဆုံးသွားကြတဲ့ ကလေးငယ် ၂ ယောက်ရဲ့ မိသားစုဝင်တွေဟာ မတ္တရာမြို့နယ်ထဲက ရွေးစုကျေးရွာဇာတိ ဖြစ်ကြပြီး တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်ရင်း အခုလိုသေဆုံးရတာ ဖြစ်တယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တွေမှာလည်း မန္တလေး PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF နဲ့ တပ်ပေါင်းစုတွေ သိမ်းပိုက်ရရှိခဲ့သလို စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက ဝက်ပုတ်ကျေးရွာကို ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသွားသလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “ဝက်ပုတ်ရွာကို စကစ စစ်ကြောင်း ဝင်ပြီး အိမ်တွေထဲက ရိက္ခာတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ အကုန်ခိုးသွားကြတယ်။ ပြန်အထွက်မှာ မီးရှို့သွားလို့လည်း အိမ် ၁၅ လုံးလောက် မီးလောင်ပျက်စီးသွားတယ်ဗျ။ ရွာခံပြည်သူ ၂ ယောက်ကို လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်သွားပြီးတော့ လမ်းရောက်တော့မှ ရိုက်နှက်ပြီး ပစ်ထားခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့နယ် စက်မှု ၂ အထိုင်စခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး အင်အား ၁၀၀ နီးပါးနဲ့ ထွက်လာကြပြီး ဝက်ပုတ်ကျေးရွာကို စီးနင်းဝင်ရောက် ဖျက်စီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “သူတို့စစ်ကြောင်းဝင်လာမှ ရွာခံတွေသိကြတော့ ကြိုပြေးဖို့ အချိန်မရကြဘူး။ ဒါပေမဲ့လည်း ဝက်ပုတ်ရွာနဲ့ ပတ်ဝန်းကျင်က ရွာတွေကလည်း သူတို့ရွာဘက်ကို စစ်ကြောင်းဝင်မယ်ထင်ပြီး ကြိုပြေးကြတယ်ပေါ့။ ပြေးလာကြသူတွေက ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ​သူတို့ရွာတွေထဲကို ပြန်မဝင်ရဲကြသေးလို့ လယ်ကွင်းတွေ သစ်ပင်တွေအောက်မှာပဲ ဖြစ်သလို နေကြတုန်းပါ။ ဝက်ပုတ်ရွာမှာ မီးလောက်ပျက်စီးသွားတဲ့တန်ဖိုးကို သင့်ရင်တော့ သိန်း ၅,၀၀၀ ဝန်းကျင်တော့ ရှိမယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က အဆိုပါဝက်ပုတ်ကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် စစ်ကြောင်းထိုး ၀င်ရောက်ဖျက်ဆီးသွားကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013