Home
မြန်မာသတင်း
အိမ်မဲမြို့နယ်၌ စစ်မှုထမ်း အစားထိုးကြေး တအိမ်ထောင် ကျပ် ၅၀,၀၀၀ ကောက်နေ
DVB
·
January 4, 2025
Photo-JM

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက  စစ်မှုထမ်း အစားထိုးကြေးပေးရမယ်လို့ဆိုပြီး အရပ်သားတွေဆီကနေ တအိမ်ထောင်ကို ကျပ် ၅၀,၀၀၀ ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကြံ့ခိုင်ရေးပါတီဝင် စစ်ကောင်စီခန့် အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပြုံးချိုက စစ်မှုထမ်း အပတ်စဉ် ၉ အတွက် လူစားထိုးဖို့အတွက်ဆိုပြီး တအိမ် ကျပ် ၅၀,၀၀၀ အထိ ကောက်နေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မပေးရင် စစ်မှုထမ်းကျ လာခေါ်ခိုင်းလိုက်မယ်ဆိုပြီး ခြိမ်းခြောက်ကောက်နေတာ။ အသက်အရွယ်မလိုဘူး အကုန်ခေါ်မှာပေါ့ပြောတာ။ ငွေက စစ်တပ်ကိုပေးရမှာပေါ့ သိန်း ၁၂၀ ပေးရမှာပြောပြီး ကောက်တာ။ တအိမ် ၅၀,၀၀၀ ကောက်နေတာ၊ ထည့်တဲ့သူများတယ်” လို့  ပြောပါတယ်။

အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းကျေးရွာမှာ အိမ်ခြေ ၇၀၀ ကျော်အထိရှိပြီး စစ်မှုထမ်းအရွယ်မရှိတဲ့ သက်ကြီး ရွယ်အိုတွေ၊ မုဆိုးမအိမ်တွေပါ အုပ်ချုပ်ရေးမှူး ပြုံးချိုက ငွေကောက်နေတာလို့ ဆိုပါတယ်။

တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့ဝင် တယောက်က “စစ်မှုထမ်းက အစားထိုးခွင့်မရှိပါဘူး၊ လူအစစ်ပဲထည့်ပေးရမှာပါ။ ဗဟို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌသစ်က ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အဆင့်ဆင့်ပြောထားပါတယ်။ ခရိုင်နဲ့ မြို့နယ်အဆင့် တာဝန်ရှိတွေက ဥပဒေနဲ့အညီလုပ်ဖို့ ပြောချင်တယ်။ အရေးယူခံရတဲ့အထဲမှာ မိမိတို့ မပါစေဖို့ပါ” လို့ ပြောပါတယ်။

အဲ့ဒီ အရပ်သားတွေဆီက ကောက်ယူတဲ့ စစ်မှုထမ်း အစားထိုးကြေးငွေဟာ စစ်ကောင်စီတပ်ကို ပေးရမှာဖြစ်ပြီး လူတယောက်စာ ကျပ် သိန်း ၁၂၀ အထိ ပေးနေရတာဖြစ်ပြီး စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်တွေနဲ့ အစားထိုးဝယ်ယူရတယ်ဆိုပြီး အုပ်ချုပ်ရေးမှူး ပြုံးချိုက ပြောဆိုကောက်ယူနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီ လူကောင်းကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပြုံးချိုရဲ့ အပိုင်က အိမ်ခြေ ၇၀၀ ကျော်ထဲမှာ အခြေခံ တနေ့လုပ်တနေ့စား နွမ်းပါးတဲ့သူတွေအများစုရှိနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013