မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံတွေ အလင်းဝင်ကြဖို့ သတိပေးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၆ ရက်မှာ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ထီးလင်း ပအဖနဲ့ ပကဖတွေက ထီးလင်းမြို့ပေါ်မှာရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို အလင်းဝင်ကြဖို့ သတိပေးထားတာ တလပြည့်ပြီဖြစ်လို့ ပထမအကြိမ် သတိပေးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ထီးလင်းမြို့ပေါ်က ပြည်သူအများစုဟာ မြို့ကိုစွန့်ခွာနေကြပြီး လက်ရှိအချိန်အထိ ထီးလင်းမြို့ပေါ်မှာ ပြည်သူအနည်းငယ်သာ ကျန်ရှိကာ ဘဏ်၊ မြို့မရဲစခန်း၊ စိုက်ပျိုးရေးရုံး၊ ထွေအုပ်ရုံး၊ ရုပ်သံကုန်းနဲ့ ရွှေထီးခန်းမတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ နီးပါး တပ်စွဲနေကြပါတယ်။
ထီးလင်းမြို့နယ်ပကဖ တာဝန်ခံ ဗိုလ်ဂဠုန်က “ထီးလင်းမြို့ပေါ်က စကစတွေ တပ်စွဲနေတဲ့ နေရာတွေကို လက်နက်ကြီးအဖွဲ့က လက်နက်ကြီး ၆၀ နီးပါးနဲ့ ဒရုန်းအဖွဲ့ကလည်း ဗုံးသီးအလုံး ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တာပါ။ ပြည်သူနဲ့ မပူးပေါင်းဘူးလား၊ မပူးပေါင်းဘူးလား။ မပူးပေါင်းရင် အခုလိုခံရမယ်ဆိုတဲ့သဘောနဲ့ ပထမအကြိမ် သတိပေးတိုက်ခိုက်ခဲ့တာဖြစ်တယ်။ တိုက်ခိုက်ချိန် ၃ နာရီလောက် ကြာပါတယ်။ ထွေအုပ်ရုံးနဲ့ စိုက်ပျိုးရေးရုံးတွေ သေချာထိတယ်။ ရဲစခန်းထဲက လူပျိုဆောင်တွေ ထိမှန်ပျက်စီးတာရှိမယ်။ ပစ်မှတ်တွေ တော်တော်ထိရောက်ပါတယ်။ အတိအကျရဖို့က စုံစမ်းနေဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေရဲ့ အခြေအနေပေါ်မူတည်ပြီး နောက်ထပ်တိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်သွားမှာဖြစ်ပြီး အခုတိုက်ခိုက်မှုကို ထီးလင်းမြို့နယ် ပကဖ၊ ဂန့်ဂေါခရိုင်တပ်ရင်း ၂၊ ၄၊ ၁၀၊ ၁၅၊ ၁၆၊ ၁၇ တပ်ရင်းတွေ အပါအဝင် ထီးလင်းမြို့နယ် ပလဖ နဲ့ ယောဧရာ ကပစ တို့ ပူးပေါင်းကာ နေရာ ၅ ခုခွဲပြီး ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီဝန်းကျင်ကနေ နေ့လယ် ၁ နာရီဝန်းကျင်အထိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ထီးလင်းမြို့နယ် ထွေအုပ်ရုံးနဲ့ ထီးလင်းမြို့မရဲစခန်းတွေကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့တဲ့အတွက် ထိခိုက်ပျက်စီးမှု အခြေအနေကို သီးခြား အတည်မပြုနိုင်ပါဘူး။
ထီးလင်းမြို့အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာတော့မှာဖြစ်လို့ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြည်သူတွေအနေနဲ့ မြို့ကိုစွန့်ခွာကြဖို့နဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း ပကဖနဲ့ ပလဖတွေဆီမှာ အလင်းဝင်ရောက်ကြဖို့အပြင် သတ်မှတ်ရက်အတွင်း မလိုက်နာပါက တာဝန်ယူမှာမဟုတ်ဘူးလို့ ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။