ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ရွှေသောင်ယံမြို့ကနေ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရွှေသောင်ယံမြို့ခွဲ မကျီးဇင်တိုက်နယ် ရဲစခန်းကနေ စခန်းစွန့်ခွာပြီး မကျီးဇင်-သာပေါင်း လမ်းအတိုင်း ဆုတ်ခွာထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်တွေမှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အခု သာပေါင်းရဲစခန်းမှာ ဖမ်းဆီးချုပ်ထားတယ်။ အားလုံး ၈ ယောက်ပါ။ သူတို့ကို ဘယ်ပို့မလဲတော့ မသိသေးဘူး။ တပ်နဲ့ AA တိုက်ပွဲဖြစ်နေတဲ့ ကမ်းရိုးတန်းစခန်းမှာ တာဝန်ကျနေတဲ့ရဲတွေပါ” လို့ ပြောပါတယ်။
ပြန်လည်ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သာပေါင်းရဲစခန်းက စခန်းမှူး ဝင်းနိုင်ဦးက စခန်းအတွင်းမှာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက “စစ်ကောင်စီလက်အောက်ခံ စစ်သားတွေကော၊ ရဲတွေပါ ပင်ပန်းနေပြီလေ၊ စစ်မတိုက်ချင်တော့ဘူး၊ ဒါ့ကြောင့် သူတို့စိတ်ထဲမှာ လက်နက်ချမယ်၊ အလင်းဝင်မယ်၊ ထွက်ပြေးမယ်ဆိုတဲ့ စိတ်ပဲရှိတာ” လို့ ပြောပါတယ်။
အဲဒီ ထွက်ပြေးလို့ ပြန်လည်အဖမ်းခံရတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက်ထဲမှာ ဒုရဲအုပ်နဲ့ နယ်ထိန်း ၄ ယောက်ဖြစ်ပြီး ကျန်တဲ့ ၄ ယောက်က တပ်သားအဆင့်တွေဖြစ်ကာ လက်နက်ယူပြီး အလင်းဝင်ဖို့ ထွက်ပြေးတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရဲတွေက ပြန်လည်ဖမ်းဆီးခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ချုပ်ထားတဲ့ သာပေါင်းရဲစခန်းအနီး ပတ်ပတ်လည်မှာ အနက် ၇ ပေဝန်းကျင်ရှိ ကတုတ်ကျင်းတွေ တူးနေကာ သဲအိတ်တွေထပ်ကာပြီး ခံစစ်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။