
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ ဇန်နဝါရီ ၇ ရက်က စစ်ကောင်စီတပ်သားတွေ မူးယစ်သောက်စားကာ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး စစ်သားတချို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့မနက် ၁ နာရီလောက်မှာ မက္ကသံကျေးရွာအတွင်း အုပ်စုဖွဲ့ မူးယစ်သောက်စားနေတဲ့ စစ်ကောင်စီတပ်သားတွေ စကားများရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် တပ်သားတချို့ သေဆုံးကာ ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ စစ်သားတချို့ လက်နက်နဲ့အတူ ပျောက်ဆုံးနေတာကြောင့် စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေကြပါတယ်။
မက္ကသံရွာသားတယောက်က “သေနတ်သံတွေကြားတော့ တိုက်ပွဲဖြစ်တယ်ပဲ ထင်နေတာ။ မနက် မိုးလင်းတော့မှ သူတို့အချင်းချင်း မူးပြီးပစ်ကြတာလို့ ဥက္ကဋ္ဌဆီက ပြန်သိရတာ။ အဲဒီကောင်တွေက တနေကုန် မူးနေတဲ့ကောင်တွေ။ ဆိုင်ကယ်တို့၊ ဘေးတွဲတို့ကို အမြဲပြဿနာရှာပြီး ငွေညှစ်လေ့ရှိတယ်။ ထွက်ပြေးသွားတဲ့ ကောင်တွေကိုတော့ အသည်းအသန် လိုက်ရှာနေတယ်” လို့ ပြောပါတယ်။
ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သားတွေ ဘယ်နှယောက် ထိခိုက်ဒဏ်ရာရ သေဆုံးတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှာဖွေဖို့ ၉ ရပ်ကွက်-ရဲမွန်-ကမာကလူလမ်းပိုင်းနဲ့ မက္ကသံကျေးရွာ အဝင်အထွက်တွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
ခရမ်းမြို့ခံတယောက်က “ပြန်မိ မမိတော့ မသိဘူး။ ခရမ်းမြို့ပေါ်မှာလည်း စစ်ကားတွေနဲ့ လှည့်တယ်။ အစစ်အဆေးလည်း အရမ်းလုပ်နေတယ်။ ရွာဘက်တွေလည်း ပိုက်စိပ်တိုက် ရှာနေကြတယ်” လို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဉ်ကို စစ်ကောင်စီတပ်က သတင်းမပေါက်ကြားစေဖို့ ဖုံးဖိထားပြီး ရွာသူရွာသားတွေကိုလည်း ပစ်ခတ်မှုဖြစ်စဉ်ကို ပြန်မပြောဖို့ အုပ်ချုပ်ရေးပိုင်းကတဆင့် သတိပေးထားပါတယ်။