
ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမပေါ် မှာ ဇန်နဝါရီ ၆ ရက်က လူမြင်ကွင်းမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ သေဆုံးသွားသူကို စုံစမ်းသိရှိပြီဖြစ်ပေမဲ့ တရားခံကိုတော့ ဖမ်းမမိသေးဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့်ထောင့်၊ အများပြည်သူသွားလာနေတဲ့ ကမ်းနားလမ်းမကြီးပေါ် မှာ မနေ့ ညနေ ၄ နာရီ ၅၇ မိနစ်လောက်က အမျိုးသား တယောက် ခေါင်းကို အနီးကတ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူရဲ့ ပြောပြချက်အရ သေဆုံးသူရဲ့ ကျောပိုးအိတ်ထဲကနေ ဘဏ်စာအုပ်တအုပ်တွေ့ရပြီး လိုက်လံစုံစမ်းရာမှ သာကေတမြို့နယ်မှာ နေထိုင်တဲ့ ဦးအောင်ရှိန်ဖြစ်တယ်လို့ သိရပြီး ပစ်ခတ်ခဲ့သူကို လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။
ပျံ့နှံ့လာတဲ့ CCTV မှတ်တမ်းတွေမှာတော့ အင်္ကျီအကွက်၊ ပုဆိုးတိုတိုဝတ်ထားပြီး ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား တယောက်ဟာ အိပ်စွတ်ထားတဲ့သေနတ်ကို ကိုင်ဆောင်လာကာ လမ်းဖြတ်ကူးလာပြီး လမ်းအလယ်ကျွန်းပေါ်မှာ လမ်းကူးဖို့ မတ်တပ်ရပ်နေတဲ့ အမျိုးသား တယောက်ရဲ့ခေါင်းကို ကျောဘက်ကနေ သေနတ်တချက် ပစ်ခတ်ခဲ့တာ တွေ့ရပါတယ်။
သေဆုံးသူဟာ ကျောပိုးအိတ်လွယ် ဦးထုပ်ဆောင်း ခဲရောင်အင်္ကျီလက်တိုနဲ့ ပုဆိုးတိုတိုဝတ်ဆင်ထားတာ တွေ့ရသလို ညာဘက်လက်ဖျံနဲ့ ပေါင်မှာ တက်တူးထိုးတာ တွေ့ရပါတယ်။
မြို့ခံတဦးက “ ဘာကြောင့်ဘယ်လိုတော့ မသိဘူး။ ကျနော်တို့က နောက်မှ ရောက်တာ။ အလောင်းကို ရန်ကုန်ဆေးရုံကြီး သယ်သွားကြပြီ။ သွေးကွက်တွေတော့ ကျန်ခဲ့တယ်။ အသက် ၄၀ကျော် ၅၀ လောက် ရှိပြီ”လို့ ဆိုပါတယ်။
သေဆုံးသူ သာကေတမြို့နယ်နေ ဦးအောင်ရှိန်ဟာ ဘာအလုပ်လုပ်ကိုင်ပြီး သူ့ကိုသေနတ်သမားက ဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။