ရန်ကုန်၊ စမ်းချောင်းမြို့ နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းငွေ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက် မနက် ၁၀ နာရီခွဲက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရှိနေစဥ် အမည်မသိ အမျိုးသားတယောက်က သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ရုံးမှာ အုပ်ချုပ်ရေးမှူးတယောက်တည်း ရှိတဲ့အချိန် သေနတ်နဲ့လာပစ်သွားတာ။ ဆေးရုံကို လူနာတင်ယာဥ်နဲ့ ခေါ်သွားတယ်၊ ရန်ကုန်ဆေးရုံကြီးကို ခေါ်သွားတာ။”
ရပ်ကွက်ရုံးမှာ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲအတွက် အစည်းအဝေးလုပ်ဖို့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို စောင့်နေချိန် သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခံရတာလို့ ရပ်မိရပ်ဖတယောက်က DVB ကို ပြောပါတယ်။
“လူအများကြီးဆိုရင် ဝင်ပစ်ချင်မှပစ်မှာ၊ အခုက အုပ်ချုပ်ရေးမှူးတယောက်တည်း ရှိတဲ့အချိန် ဝင်ပစ်တာဆိုတော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို သတင်းပေးလို့ စစ်တပ်က စွပ်စွဲနေတယ်။”
လတ်တလောမှာ ဟုမ်းလမ်းဘူတာရပ်ကွက်အတွင်း စစ်တပ်က စစ်ဆေးနေပြီး ပစ်ခတ်သူကို မတွေ့ဘဲ ရပ်ကွက်ရုံးမှာ တပ်စွဲထားကြောင်း မြို့ခံတွေက ပြောပါတယ်။
မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှာ ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီကလည်း ညီဖြစ်သူ မင်္ဂလာဆောင်ကိုလာတဲ့ ဗိုလ်မှူးနဲ့ ညီမဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။