ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကြဖို့ အုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးပါတီက ဖိအားပေး ပြောဆိုခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက် မနက်က သာပေါင်းမြို့နယ်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီ မြို့နယ်ရုံးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံချိန် ကြံ့ခိုင်ရေးပါတီရဲ့ ကျောင်းကုန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သိန်းထွန်းက ရွေးကောက်ပွဲလုပ်တော့မယ်ပေါ့၊ မဲဆွယ်ပေးဖို့ပြောတာ။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လတ်တလောအနေအထားက လုပ်လို့ကိုင်လို့ အကောင်းဆုံးအချိန်လို့ ပြောသွားတာ။ သူတို့အနေနဲ့က မဲဆွယ်ဆင်းလို့ မရသေးဘူးပေါ့။ သိန်းထွန်းက ကျောင်းကုန်းမြို့နယ်က” လို့ ပြောပါတယ်။
PDF တွေကို သတိထားရမှာ ဖြစ်ပေမဲ့ ကြောက်နေစရာမလိုဘဲ မကြာခင် ရုရှားနဲ့ တရုတ်က စစ်အကူအညီလာမှာဖြစ်ပြီး ၆ လအတွင်း အပြီးချေမှုန်းပေးသွားမှာဖြစ်တယ်လို့ ပြောဆိုသွားတယ်လို့လည်း ဆိုပါတယ်။
ကျောင်းကုန်းဒေသခံတယောက်က “ရွေးကောက်ပွဲအတွက် အတင်းစည်းရုံးရေးလုပ်ခိုင်းနေတာ။ အရင်ထက် ပိုပိုလုပ်ခိုင်းနေတာ။ ပြီးခဲ့တဲ့အပတ်က အစည်းအဝေးတခုမှာလည်း အုပ်ကြီးက ရွေးကောက်ပွဲလုပ်တော့မှာ ပြည်သူတွေ မဲထည့်ရတော့မယ်၊ ဘယ်ပါတီ မဲထည့်ရမယ်ဆိုတာ ပြည်သူတွေက သိတယ်ပေ့ါ ပြောသေးတယ်။ ဘာရွေးကောက်ပွဲလဲ၊ သူတို့လုပ်မယ့်ရွေးကောက်ပွဲကို လုံးဝ စိတ်ကိုမဝင်စားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲအတွက် တတိုင်းလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းကို ပညာရေးဝန်ထမ်း Non CDM ဆရာ၊ ဆရာမတွေကို စာရင်းကောက်၊ စာရင်းစစ်ခန့်ကာ အောက်တိုဘာ ၁ ရက်ကနေ ၃၀ ရက်အထိ ကောက်ယူခဲ့ပါတယ်။