စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောညောင်ပင်ရွာက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးသားအဖ ၂ ယောက်ကို ဒီဇင်ဘာ ၁၂ ရက်မနက်အစောပိုင်းက ကလေးဒေသခံ ကာကွယ်ရေးတပ်က ဖမ်းဆီးသွားတယ်လို့ နယ်ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ နှောညောင်ပင် ကျေးရွာဥက္ကဋ္ဌ အသက် ၅၀ ကျော်အရွယ် ဦးမောင်ရီနဲ့ အသက် ၂၀ ဝန်းကျင်အရွယ် သားဖြစ်သူတို့ ဖြစ်ပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသားအဖဟာ နွားကျောင်းသွားရင်း လယ်တောထဲမှာ ဒေသခံကာကွယ်ရေးတပ်ဘက်က ဖမ်းဆီးသွားခဲ့တာလို့ ကံပုလဲရွာသားတယောက်က ပြောပါတယ်။
အဲ့ဒီ အုပ်ချုပ်ရေးမှူးသားအဖဟာ ပျူစောထီး ခေါင်းဆောင်လုပ်နေတာကြောင့် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးရဲဘော်တယောက်က ပြောထားပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူး သားအဖ ဖမ်းဆီးထားကြောင်းကို ကလေးမြို့နယ် တော်လှန်ရေးအင်အားစုတွေဘက်က မှန်ကန်ကြောင်း အတည်ပြုထားပြီး ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အုပ်ချုပ်ရေးမှူး သားအဖ ဖမ်းဆီးခံရပြီးနောက် ကလေးမြို့ပေါ်က စစ်သားတွေနဲ့ တောင်အူရွာက ပျူစောထီးတွေရွာထဲကို ရောက်ရှိလာကာ မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
နှောညောင်ပင်ကျေးရွာဟာ ကလေးမြို့အနီးမှာ တည်ရှိပြီး ကျေးရွာအတွင်းမှာ စစ်ကောင်စီက တပ်စွဲနေထိုင်သလို ရွာသားတချို့ကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
နိုဝင်ဘာ ၁၅ ရက် ညကလည်း ကလေးမြို့ အောင်သစ္စာရပ်ကွက် ဥက္ကဋ္ဌ ဦးသန်းဌေးဟာ အရက်ဆိုင်မှာ ဓားထိုးသတ်ခံခဲ့ရပြီး ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ကံပုလဲကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် မသီသီအေးဟာ ဒေသကာကွယ်ရေးတပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။