စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ရှမ်းအင်းကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် တဦး သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိသွားပါတယ်။
ကလေးဝမြို့အခြေစိုက် PDF တာဝန်ခံတယောက်က “ကလေးဝမြို့ပေါ်ကနေပစ်တာ ရှမ်းအင်းရွာထဲက အိမ်တလုံးပေါ်ကျပြီး မိန်းကလေး ၃ ယောက်ထိတာ။ အငယ်ဆုံး မိန်းကလေးကတော့ နေရာမှာဆုံးသွားပါတယ်။ ဒဏ်ရာရတဲ့ မိန်းကလေး ၂ ယောက်ကလည်း စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် အသက် ၈ နှစ်အရွယ် မသန္တာဖြိုးဟာ လည်ပင်းနဲ့ ခြေထောက်တွေကို ဗုံးစထိမှန်လို့သေဆုံးသွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေဖြစ်ကြတဲ့ အသက် ၁၁ နှစ်အရွယ် မတွယ်တာငြိမ်းက ညာဘက်လက်ပြင်ဒဏ်ရာရရှိကာ အသက် ၃၂ နှစ် မပူတူး ကတော့ ပေါင်ကို ထိမှန်ခဲ့ပါတယ်။
ကလေးဝပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက “အရင်လကုန်ပိုင်းလောက်က ကလေးဝ ချင်းတွင်းမြစ်ကူးတံတားဂိတ်နားက စစ်ကား ၂ စီးကို ကျနော်တို့ဘက်က ဖြတ်တိုက်ခဲ့တာ။ အဲ့ဒိတုန်းက သူတို့ဘက်က အရာရှိခေါင်းဆောင် တယောက်နဲ့ ရဲဘော် တယောက်တို့ ဒဏ်ရာရသွားခဲ့ကြတယ်။ အဲ့ဒါကို အခဲမကျေလို့ စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်တဲ့ပြည်သူကို ပစ်မှတ်ထားပြီး ပြန်ပစ်တာ”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး တိုက်ပွဲတွေလည်းပြင်းထန်နေပါတယ်။
ကလေးဝ-မော်လိုက်လမ်းပိုင်းတွေက ရေလမ်းကုန်းလမ်းတွေကို စစ်ရေးလိုအပ်ချက်အရ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်ကစပြီး ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားလာခွင့်ယာယီပိတ် ထားပါတယ်။
ဒီဇင်ဘာ ၂ ရက်ကလည်း ကလေးဝမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးဝမြို့နယ်၊ ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ မထုကြီး-မထုလေးကျေးရွာတွေကို ဒရုန်းနဲ့ဗုံးသီးကြဲချတာကြောင့် လယ်ယာထွန်ယက်လုပ်ကိုင်နေကြတဲ့ အမျိုးသား ၃ ယောက် ထိမှန်သေဆုံးခဲ့သလို ကလေးငယ်တွေအပါအဝင် ပြည်သူ ၅ ယောက်ဒဏ်ရာရခဲ့ပါတယ်။