မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အဘိုးအိုတယောက် သေဆုံးသွားပါတယ်။
မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “မနက် ၈ နာရီလောက်မှာ လက်ဝဲရွာကို စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့လို့ အသက် ၇၀ ဝန်းကျင် အဘိုးအိုတဦး နေရာမှာ ဆုံးသွားတယ်။ အဲဒီရွာသား တယောက်လည်း ဒဏ်ရာရတယ်လို့တော့ သိထားရပါတယ်” လို့ ပြောပါတယ်။
အဆိုပါ လက်နက်ကြီးပစ်ခတ်တာကို မြင်းခြံမြို့အခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ ခမရ ၁၅ ကနေ ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ခမရ ၁၅ ကနေ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ၂ ခါပစ်တယ်ဗျ။ တလုံးက လက်ဝဲရွာမြောက်ပိုင်းက အိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ သေဆုံးဒဏ်ရာရတာတွေ ဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ မော်တော်ယာဥ်ကို မြင်းခြံမြို့အဝင်နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ကနေ သိရပါတယ်။
အခုဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။