MNDAA ထိန်းချုပ်နယ်မြေအတွင်း မိဘမဲ့ကလေး ၂၀ ကျော်ကို မုဒိမ်းမှုကျူးလွန်ခဲ့သူတယောက် အပါအဝင် ပြစ်မှုကျူးလွန်သူ ၆ ယောက်ကို လောက်ကိုင်မှာ ဒီဇင်ဘာ ၅ ရက်က သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်နဲ့ MNDAA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “သေဒဏ်ထဲက တယောက်က ပန်ဆိုင်းက မိဘမဲ့ဂေဟာအုပ် ဟုတ်တယ်။ သူတယောက်တည်း ကျောင်းဖွင့်၊ သူတယောက်တည်း ကျောင်းအုပ်လုပ်နေတာ။ ချင်းလူမျိုးပါ။ သူ မုဒိမ်းကျင့်တဲ့ထဲမှာ ယောက်ျားလေးတွေရော မိန်းကလေးတွေရော ပါတယ်။ အကုန်လုံး အယောက် ၂၀ ကျော်တယ်။ ၂၆ ယောက်” လို့ ပြောပါတယ်။
MNDAA ဘက်က ထုတ်ပြန်ချက်အရ သေဒဏ် ၇ ယောက်ပါပြီး တချို့ကလည်း ထောင်ဒဏ် ၁၀ နှစ် ချတာတွေ ရှိတယ်လို့ နယ်စပ်ဒေသခံတယောက်က ပြောပါတယ်။
“သေဒဏ်တွေထဲမှာ မိန်းမတယောက်ကျတော့ တခြားယောက်ျားနဲ့ နေတယ်။ ပြီးတော့ သူ့ယောက်ျားကို သတ်ပစ်လိုက်တယ်။ အဲဒါကြောင့် သူ့ကို သေဒဏ်ပေးလိုက်တာ။ အဲဒီထဲမှာ တယောက်က သူ့သမီးကို မုဒိမ်းကျင့်တာ။ ၁၄ နှစ်ပဲ ရှိသေးတယ်။ ကိုယ်ဝန်ရှိသွားတာလေ။ အဲဒီ တယောက်လည်း သေဒဏ်ပါတယ်။”
MNDAA ဘက်ကလည်း ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီခန့်ကစပြီး လောက်ကိုင် နယ်ခြားမှတ်တိုင် ၁၂၅ ဘက်မှာ အထူးအုပ်ချုပ်ရေးဒေသ ၁ ထဲ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ လူသတ်မှုနဲ့ သံသယရှိသူ ၁၄ ယောက်ကို ဥပဒေနဲ့အညီ လူသိရှင်ကြား စီရင်ချက်ချခဲ့ပြီး အဲဒီထဲက ၆ ယောက်ကို သေဒဏ်ချ ကွပ်မျက်ခဲ့ကြောင်း သတင်းထုတ်ထားပါတယ်။
ပြစ်မှုကျူးလွန်သူတွေထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ သေနတ်တွေ သိုဝှက်ထားမှု၊ လုယက်သတ်ဖြတ်မှုတွေ ပါဝင်ပြီး MNDAA ရဲ့ အထက်တန်းအရာရှိတွေနဲ့ ဒေသခံပြည်သူ ၁,၀၀၀ ခန့် စီရင်ချက်ချတဲ့ ညီလာခံမှာ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို တရားစီရင်ချက်ချတာဟာ လူထုတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ရာဇ၀တ်မှုကျူးလွန်သူ ၂၁ ယောက်ကို ဥပဒေနဲ့အညီ စီရင်ချက်ချ ဖမ်းဆီးအရေးယူခဲ့ပြီး သံသယရှိသူ ၇ ယောက်ကို ဥပဒေနဲ့အညီ သေဒဏ်ချမှတ်ခဲ့ကာ အဲဒီထဲက ၆ ယောက်ကို ချက်ချင်း သေဒဏ်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း MNDAA ထိန်းချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူ MNDAA အရာရှိတွေ အပါအဝင် ၁၀ ယောက်ကို အများပြည်သူရှေ့ သေဒဏ်ချမှတ် ကွပ်မျက်ခဲ့ပါတယ်။