မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ရဲ့ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျီအန်းက အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်အနေနဲ့ ချီးကျူးကြောင်း ထုတ်ပြန်ပါတယ်။
ကိုးကန့်တပ်တွေအနေနဲ့ ဒီနေ့ ကစလို့ ရောက်ရာနေရာကနေ ချက်ချင်းအပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်မှာ မဟုတ်ဘဲ စစ်ကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံနေရာအနှံ့မှာ ဝေဟင်နဲ့ မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းပေးရမယ်လို့ MNDAA က ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ လင်ဂျီအန်းကတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့၊ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ဖို့၊ ကွဲပြားမှုတွေကို ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဖြေရှင်းဖို့ စတာတွေကို တိုက်တွန်းလိုက်တာပါ။
ဒါ့အပြင် အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတလျှောက် နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့ စီမံကိန်းတွေ၊ ကုမ္ပဏီတွေနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ မြောက်ပိုင်းဒေသငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
MNDAA ကတော့ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားတယ်လို့ ထပ်ပြီး ထုတ်ပြန်လာတာဖြစ်ပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းပေးတဲ့အောက်မှာ လားရှိုး အပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆိုပါတယ်။
စစ်ဘေးဒုက္ခဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ အပြစ်မဲ့ပြည်သူလူထုရဲ့ အကျိုးကို ငဲ့ညှာ ထောက်ထားဖို့၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့၊ ပြည်တွင်း စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်ဖို့အတွက် အခုလို ထုတ်ပြန်တာလို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက တအာင်းတပ်မတော် TNLA ကလည်း တရုတ်ရဲ့ ကြားဝင်ကြိုးပမ်းနေတာကို အသိအမှတ်ပြုပြီး တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ အဲဒီတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို နေ့တိုင်းလိုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။