တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်တဲ့ ဂဲလီယမ် (Gallium)၊ ဂျာမေနီယမ် (Germanium) နဲ့ ခနောက်စိမ်း (Antimony) စတဲ့ ရှားပါးသတ္တုတွေ အမေရိကန်ဆီ တင်ပို့မှုကို ပိတ်ပင်လိုက်ပါတယ်။
ဒါဟာ အမေရိကန်နိုင်ငံက တရုတ်ရဲ့ ချစ်ပ်ပြားထုတ်လုပ်မှုကို နောက်ဆုံးကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပြီး နောက်တရက်အကြာမှာပဲ အခုလိုမျိုး တုံ့ပြန်လိုက်တာပါ။
အောက်တိုဘာ ၃ ရက်တုန်းက တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ရှိပြီးသား သတ္တုတင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ပိုမိုတင်းကျပ်လိုက်တာဖြစ်ပြီး အမေရိကန်ဈေးကွက် တခုတည်းသာ သက်ရောက်မှုရှိမယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး အလွန်မာကျောပြီး အရေးပါတဲ့ သတ္တုတွေဟာ စစ်ဘက်ရော၊ အရပ်ဘက်မှာပါ အသုံးပြုနိုင်တဲ့အတွက် အမျိုးသားလုံခြုံရေးအရ စိုးရိမ်ရတာကြောင့် တင်ပို့မှုပိတ်ရတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အဲဒီအမိန့်ညွှန်ကြားချက်အရ ချက်ချင်း အသက်ဝင်မှာဖြစ်သလို နီကယ်၊ ခရပ်ဖိုက်နဲ့ ကိုဘော့တ်လိုမျိုး နောက်ထပ် သတ္တုတွေ အမေရိကန်ဆီတင်ပို့မှု အဆုံးသတ်ဖို့အတွက်လည်း ပြန်သုံးသပ်နေပါတယ်။
ဒါကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံ ၂ ခုအကြား ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ တင်းမာမှုတွေ ထပ်ပြီး မြင့်တက်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်အတွင်း တကမ္ဘာလုံးမှာ တူးဖော်ရရှိလာတဲ့ ခနောက်စိမ်းသတ္တုရဲ့ ၄၈ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကဖြစ်ပြီး သန့်စင်ပြီးသား ဂဲလီယမ်သတ္တုရဲ့ ၉၈ ဒသမ ၈ ရာခိုင်နှုန်း၊ ဂျာမေနီယမ် သတ္တုရဲ့ ၅၉ ဒသမ ၂ ရာခိုင်နှုန်းအထိကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် တရုတ်စက်မှုလုပ်ငန်းစုတွေကလည်း ပြည်တွင်းထုတ် တပိုင်းလျှပ်ကူးပစ္စည်းတွေသာ ဝယ်ယူအသုံးပြုကြဖို့နဲ့ အမေရိကန်ထုတ် ချစ်ပ်ပြားတွေဟာ လုံခြုံမှုနဲ့ စိတ်ချရမှု မရှိတော့ဘူးဆိုပြီး အဖွဲ့ဝင်တွေကို သတိပေးထားပါတယ်။
တရုတ်ပြည်မှာရှိတဲ့ ကမ္ဘာ့သတ္တုတူးဖော်ရေးအသင်းဥက္ကဋ္ဌဖြစ်သူ ပီတာအာကဲလ် ကတော့ “ဒါဟာ အောင်နိုင်မယ့်သူမရှိတဲ့ ကုန်သွယ်ရေးစစ်ပွဲ တခုပါ”လို့ ပြောကြားသွားပါတယ်။
Source : Reuters